ဖားကန့်တွင် မြေစာလျှောဆင်းပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး ပျောက်ဆုံး
DVB
·
June 1, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ စံတော်ဝင် ကုမ္ပဏီလုပ်ကွက်မှာ မြေစာပုံလျှောဆင်းလို့ ရေမဆေးကျောက် ရှာဖွေသူ နှစ်ဦးရေအောက် ပါသွားပြီး အခုချိန်ထိ ပြန်မပေါ်လာသေးပါဘူး။
မေလ ၃၁ ရက် မနက် ၉ နာရီလောက်က စံတော်ဝင်ကုမ္ပဏီ လုပ်ကွက်မှာ မြေစာ လျှောဆင်းတဲ့အတွက် ကမ်းပါးအောက်ခြေရေစပ်မှာ ရေမဆေးကျောက်ရှာသူ နှစ်ဦး မြေစာနဲ့အတူ ရေအောက် ပါသွားတာလို့ အဲဒီဒေသက လုပ်သားတဦးက ပြောပါတယ်။
“မရှာဘူးဗျ၊ သူ့ဟာသူ ပေါ်လာမှ သဂြုင်္ိဟ်ကြမှာ။ ဒါက မိုးတွင်း အစပဲ ရှိပါသေးတယ်။ မပေါ်သေးဘူး။ မိုးကလည်း ရွာနေတာ။”
ပျောက်ဆုံးနေသူ နှစ်ဦးဟာ မောင်မြင့်ကျော်နဲ့ မောင်အောင်သိုတို့ ဖြစ်ကြပြီး ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေကနေ လာရောက်အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ မြေပြိုမှုကြောင့် မကြာခဏဆိုသလို မြေပြိုပြီး ရေမဆေးကျောက် ရှာသူတွေ သေဆုံးနေတာပါ။ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝေခါရွာမှာ မိုင်းခွဲစွန့်ပစ် မြေစာပုံပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၁၂ ဦးထက်မနည်း မြေပိ သေဆုံးသွားခဲ့ပါတယ်။