Homeမြန်မာသတင်း
သရက်မြို့ တူရကီစစ်သင်္ချိုင်း ပြုပြင်ထိန်းသိမ်းရန် ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုး
သရက်မြို့ တူရကီစစ်သင်္ချိုင်း ပြုပြင်ထိန်းသိမ်းရန် ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုး
DVB
·
May 30, 2018
မကွေးတိုင်းဒေသကြီး၊ သရက်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာမှာ တည်ရှိတဲ့ တူရကီစစ်သင်္ချိုင်းကို ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပဋိညာဉ်စာချုပ် ချုပ်ဆို လိုက်ပါတယ်။
မေလ ၂၉ ရက် ညနေက ရန်ကုန်မြို့ရှိ တူရကီသံရုံးမှာ သရက်မြို့စည်ပင်ကော်မတီ အတွင်းရေးမှူး ဦးသိန်းနိုင်နဲ့ တူရကီသံအမတ်ကြီး ကီရမ်ဒီဗန်အယ်ရိုဂလူတို့က အခမ်းအနားနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
၂၀၁၈ ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၉ လတာအတွက် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ လုပ်ဖို့ သဘောတူလိုက်တာလို့ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ သရက်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောပါတယ်။
“တူရကီစစ်သင်္ချိုင်းက ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပြီး မြေယာအလှဆင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းတို့ကို မြို့နယ်စည်ပင်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်စဉ်ဝင်ငွေ ၁၅၃ သိန်းကျော် သံရုံးကနေ ရရှိတယ်။”
ပထမကမ္ဘာစစ်အတွင်းက အီရတ်၊ ပါလက်စတိုင်း၊ ဆီးရီးယားနဲ့ အာရေဗီးယားစစ်မြေပြင်မှာ အော်တိုမင်တပ်မတော်နဲ့ ဗြိတိသျှတပ်မတော်တို့ရဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး သရက်မြို့မှာ ကျဆုံးခဲ့သူတွေကို အဆိုပါ တူရကီစစ်သင်္ချိုင်းမှာ မြှုပ်နှံထားတာ ဖြစ်ပါတယ်။
နေမှူးလူ