ရှေးဦးကလေးအရွယ် ကလေးသူငယ်တွေကို ဘယ်လို ကာကွယ်စောင့်ရှောက်ကြမလဲ
DVB
·
May 29, 2018
ရှေးဦးကလေးသူငယ်လို့ ဆိုတာနဲ့ နို့စို့အရွယ်ကစပြီး ၅ နှစ်အတွင်းကို ဥပဒေကြောင်းအရ သတ်မှတ်ခဲ့ကြပါတယ်။ ဒီလိုအရွယ်တွေဟာ ဥမမည် စာမမြောက် ဆိုတော့ သူတို့ကို ကာကွယ်စောင့်ရှောက်မှုဟာ မိဘရင်ငွေ့ ခိုလှုံခွင့်ရသူရော မရသူတွေအတွက်ပါ လိုအပ်နေပါတယ်။ လူမှုကွန်ရက်မီဒီယာတွေမှာ နို့စို့အရွယ် စွန့်ပစ်ခံ ကလေးသူငယ်တွေ၊ လမ်းဘေးမှာ ရင်ခွင်ပိုက် ကလေးသူငယ်တွေကို ပြပြီး တောင်းရမ်း စားသောက်နေကြတာတွေ၊ မိဘစွန့်ပစ်ခြင်း မခံရပေမယ့် မိခင်ရင်ငွေ့ အပြည့်အဝ ခိုလှုံခွင့်မရခဲ့တဲ့ ရင်ခွင်ပိုက်ကလေးငယ်တွေ အကြောင်းကို မကြာခဏ မြင်တွေ့နေရပါတယ်။ ဒီလို အကြောင်းအမျိုးမျိုးကြောင့် မိဘရင်ခွင် အစဉ်ခိုလှုံခွင့် မရသူတွေ၊ ယာယီခိုလှုံခွင့် မရကြရှာတဲ့ ရင်ခွင်ပိုက် ကလေးသူငယ်တွေအတွက်တော့ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေတရပ် မရှိမဖြစ် လိုအပ်တယ်လို့ လူမှုရေးပညာရှင်တွေက လက်ခံထားခဲ့ကြပါတယ်။
ကလေးသူငယ်နဲ့ပတ်သက်ပြီး သူ့ခေတ်ကာလအလျောက် ပြဋ္ဌာန်းခဲ့တာတွေတော့ ရှိခဲ့ပါတယ်။ ၁၉၂၉ ခုနှစ် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို ကန့်သတ်တဲ့ဥပဒေ (Child Marriage Restraint Act) ၁၉၃၃ ခုနှစ်မှာ Children (pledging labour) Act ။ ၁၉၅၅ မှာ ကလေးသူငယ်များ အက်ဥပဒေ (Children Act), 1955 နဲ့ ကလေးသူငယ် ပြင်ဆင်ချက် အက်ဥပဒေ (Child Amendment Act 1961)။ ၁၉၉၃ မှာတော့ ကလေးသူငယ် ဥပဒေ (Child Law) တို့ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေတွေဟာ လိုအပ်တာ မှန်ပေမယ့် ရှေးဦးကလေးသူငယ်၊ တနည်းပြောရရင် ရင်ခွင်ပိုက် ကလေးသူငယ်တွေ အတွက်တော့ မလုံလောက်ခဲ့ဘူးလို့ ဆိုကြပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်ထဲမှာပဲ “ရှေးဦး ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ” ကို ၂၀၁၄ ခု၊ ဖေဖော်ဝါရီ ၆ ရက် နေ့စွဲနဲ့ ပြဋ္ဌာန်းခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်ထဲ ရောက်တော့ ဒီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခုကို ပြည်သူအများ လေ့လာနိုင်ရန် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒီပြင်ဆင်ချက်မှာလည်း ပြင်ဆင်ချက်လို့ ပါရှိပေမယ့် အရင်အတိုင်း အပြောင်းအလဲ သိပ်မရှိတာကို တွေ့ရပါတယ်။ လူမှုဗေဒပညာရှင်အချို့ကတော့ ပြဋ္ဌာန်းပြီး ဥပဒေရော ပြင်ဆင်ချက်ဥပဒေ နှစ်ခုစလုံးဟာ စကားရပ်တချို့မှာ တိကျတဲ့ ညွှန်ဆိုချက် လိုအပ်နေတာကြောင့် နည်းဥပဒေတရပ် မပါရှိဘဲ လုပ်ဆောင်ဖို့ ခက်ခဲနိုင်ဖွယ်ရာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဥပဒေတခုလုံးမှာတော့ ကိုယ်အင်္ဂါချို့ယွင်းတဲ့ ကလေးငယ်တွေ၊ အော်တစ်ဇင်အဖြစ် သတ်မှတ်ခံရတဲ့ ရှေးဦးသူငယ်တွေအတွက် နေ့ကလေးထိန်းဌာနနဲ့ မူလတန်းကြိုကျောင်းတွေမှာ ဘယ်လိုသတ်မှတ်ချက်တွေ ပါရှိဖို့လိုမလဲ ဆိုတာကို ဥပဒေမှာ မပါရှိတဲ့အတွက် မေးစရာတခု ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့် DVB Law Lab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်မှာ “ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေအပေါ် ရှုမြင်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားဖို့ ရွေးချယ်ခဲ့ကြပါတယ်။
ဒီအစီအစဉ်မှာ ဆွေးနွေးသုံးသပ်နိုင်ဖို့အတွက် ဦးသန်းထွန်း (Programme Manager-Education Program- me) နဲ့ ဦးကျော်စိုးမင်း (ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေး) တို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဦးစွာ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးသန်းထွန်းက “ဥပဒေက ပြဋ္ဌာန်းတာတွေ ရှိပေမယ့် အများစုကတော့ ပြင်ပ နေ့ကလေးထိန်းတွေဆီကိုပဲ အားကိုးကြတာ များပါတယ်။ ၃ နှစ်အထက် မူကြိုနဲ့ ၃ နှစ်အောက် နေ့ကလေးထိန်း ကျောင်းတွေ အစိုးရက ဖွင့်ခဲ့ပေမယ့် ၃ ခုလောက်သာ ဖွင့်နိုင်တာမို့ အပြင်ကို အားကိုးကြရတာပါ။ လူမှုဝန်ထမ်းက ဖွင့်ဖို့ဆိုရင် အစိုးရ အထောက်အပံ့တွေ တိုးရဖို့ လိုပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
ဦးကျော်စိုးမင်းကတော့ ကလေးသူငယ် စွန့်ပစ်တာနဲ့ ပတ်သက်လို့ကတော့ အဓိကက လက်ထပ်တာ စောလွန်းတာလည်း ပါတယ်။ အချို့ကျတော့လည်း မလိုချင် အကြောင်းတခုခုကြောင့် ကလေးရတာလည်း ပါတယ်။ အချို့ကျတော့ လူမှုဘဝ အခြေအနေအရနဲ့ စီးပွားရေးဘဝတွေကြောင့် စွန့်ပစ်ကြတာ။ ဒါတွေအတွက် အောက်ခြေအထိ ရောက်အောင် မိဘတွေကို ပညာပေးမှုအပိုင်းကို ဥပဒေမှာပါ ထည့်သွင်းပေးသင့်တယ်။ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ အတူကြီးကြပ်တဲ့ အဖွဲ့တွေဖွဲ့ပြီး လုပ်ဆောင်ဖို့ ပြဋ္ဌာန်းချက်မှာ ပါဝင်သင့်တယ်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။ နှစ်ဦးစလုံး တူညီစွာ ဆွေးနွေးသွားကြတာကတော့ မသန်စွမ်းကလေးတွေအတွက် ဥပဒေမှာ မပါဝင်သေးကြောင်း၊ မှတ်ပုံတင်ရာမှာ မြို့နယ်တွေမှာ လူမှုဝန်ထမ်းအဖွဲ့တွေ မရှိသေးကြောင်း၊ ရပ်/ကျေးကို ပိုမိုအခြေစိုက် လုပ်ဆောင်ဖို့ ဥပဒေတရပ် ပြဋ္ဌာန်း လုပ်ဆောင်သင့်ကြောင်းတို့ကို ဆွေးနွေးသွားကြပါတယ်။
ဥပဒေတရပ်လုံးကို လေ့လာရာမှာ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရေးဆွဲခဲ့တာမို့ ရှေးဦးကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအပိုင်းမှာ လစ်ဟာသွားခဲ့တယ်လို့ အချို့သော ကလေးသူငယ်အခြေပြု အဖွဲ့တွေက သုံးသပ်တာတွေ ရှိခဲ့ပါတယ်။ အဓိကအနေနဲ့ မိဘတွေ စွန့်ပစ်တာခံရလို့ပဲ ဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်ကြောင့် မိဘမရှိတော့တာပဲ ဖြစ်ဖြစ်၊ စစ်ပွဲတွေကြောင့် မိဘမဲ့သွားတာပဲ ဖြစ်ဖြစ် အဲဒီကလေးငယ်တွေရဲ့ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျစ်လျူမရှုသင့်တာက အသေအချာပါ။ ဒီလို ကလေးငယ်တွေဟာ ပရဟိတအဖွဲ့တွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ကျေးလက်တွေ၊ နယ်စပ်ဒေသတွေမှာ အများဆုံး မြင်တွေ့နေရပါတယ်။ ဒီလို အကာကွယ်မဲ့နေတဲ့ ရှေးဦးကလေးသူငယ်တွေအတွက် ဥပဒေရဲ့ အစောင့်အရှောက်နဲ့ အကာအကွယ်ဟာလည်း ပိုမိုလိုအပ်နေတာကြောင့် အလေးအနက်ထားပြီး ဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထွန်းဇော်ဌေး