ကလေးမြို့တွင် M3 ဖုန်းဆိုင် ဖောက်ထွင်းခံရ
DVB
·
May 26, 2018
ကလေးမြို့ ပင်လုံရပ်ကွက် နယ်မြေ ၄၊ ဗိုလ်ချုပ်လမ်းဘေးက M3 ဖုန်းဆိုင်မှာ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက ဟန်းဆက်ပစ္စည်း ၁၂ သိန်းကျော်ဖိုး ဖောက်ထွင်း ခိုးယူမှု ဖြစ်ခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက ပြောပါတယ်။
"ကျနော်တို့ ည ၁၂ နာရီမှ အိပ်တယ်။ ၂ နာရီခွဲလောက် ထတယ်။ ဒီကြားထဲမှာ ဖြစ်သွားတာ။ တွေ့တာကတော့ ခြေရာတွေကျန်တယ်။ ကလေးခြေရာတွေပဲ ယူဆတယ်။ မျက်နှာကျက်ပေါ်ကနေ အိမ်ထဲဆင်းပြီး ဖုန်းရောင်းတဲ့ အခန်းသော့ပတ်တာခွာ ဝင်ခိုးသွားတာ" လို့ ဆိုင်ပိုင်ရှင် ကိုမျိုးနောင်က ပြောပါတယ်။
M3 ဖုန်းအရောင်ဆိုင်ဟာ ကြယ်တံခွန် ကုန်စုံဆိုင်ကြီးနဲ့ တအိမ်တည်း ဆက်လျက်ရှိနေပြီး ကြယ်တံခွန် စတိုးဆိုင်ထဲကနေတဆင့် ဝင်ရောက်ခိုးယူခဲ့တာလို့လည်း သိရပါတယ်။
ကလေးမြို့မရဲတပ်ဖွဲ့ တာဝန်ရှိ ရဲဝန်ထမ်းတဦးက "အမှုဖွင့်ထားတယ်။ ရဲတပ်ဖွဲ့တွေ မှတ်တမ်းယူနေပါတယ်။ သေချာ စစ်ဆေးပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်" လို့ ပြောပါတယ်။
ဖုန်းဆိုင်တွင်း ဖောက်ထွင်းခိုးယူမှုမှာ ပါကင်ဘူးတွေအပါ ဟန်းဆက် ၉ လုံး၊ စုပေါင်း ငွေကျပ် ၁၂ သိန်းကျော်ဖိုး ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။ မေလအတွင်း အခုအမှုပါ ခိုးမှု ၂ မှု ဖြစ်ခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။
မင်းရဲစစ်နိုင်