ရန်ကုန်တိုင်းအစိုးရ ဝယ်ထားသည့် ကျောင်းကားများ ကျောင်း ၃ ကျောင်းတွင် ပြေးဆွဲမည်
စိုးမိုးအောင်
·
May 18, 2018
ရန်ကုန်တိုင်းအစိုးရက ပြည်ပကနေ ဝယ်ထားတဲ့ ကျောင်းကြိုပို့ကားတွေကို အစိုးရစာသင်ကျောင်း သုံးကျောင်းမှာ ပြေးဆွဲမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနက တိုင်းပညာရေးမှူး ဒေါ်ခင်မာဆွေက ပြောပါတယ်။
၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစား မီနီဘတ်စ်အစီး ၂၀၀ ကို ကျောင်းကားအဖြစ် ပြေးဆွဲဖို့ ဝယ်ယူထားတာပါ။
အဲဒီကားတွေကို Golden Hand ကုမ္ပဏီက ပြေးဆွဲဖို့ သဘောတူထားပေမယ့် ကုမ္ပဏီက ပြန်အပ်လိုက်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ တာဝန်ယူပြေးဆွဲဖို့ လုပ်ဆောင်နေပါတယ်။
ကားသစ်တွေကို ရန်ကင်းတီတီစီကျောင်း၊ ကမာရွတ် တီတီစီကျောင်းနဲ့ ကမာရွတ် အ.ထ.က (၂) မှာ ပြေးဆွဲဖို့ ဆောင်ရွက်နေပြီး စပါယ်ယာနဲ့ ဒရိုင်ဘာတွေ ပါဝင်မှာဖြစ်တဲ့အပြင် ဝန်ဆောင်မှုအတွက် သင်တန်းပေးတာတွေ လုပ်ထားတယ်လို့ တိုင်းပညာရေးမှူး ဒေါ်ခင်မာဆွေက ပြောပါတယ်။ ယာဉ်စီးခကို လမ်းကြောင်းပေါ်မှာကြည့်ပြီး သတ်မှတ်သွားမယ်လို့လည်း ဆိုပါတယ်။
လက်ရှိပြေးဆွဲမယ့် ကျောင်းကားတွေကို မီနီဘတ်စ်ယာဉ်တွေကိုသာ ခွင့်ပြုမှာဖြစ်ပြီး လိုက်ထရပ်ယာဉ်တွေကိုတော့ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ တိုင်းပညာရေးမှူးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ကျောင်းကြိုပို့ရာမှာ အသုံးပြုတဲ့ လိုက်ထရပ်ယာဉ်တွေဟာ တိမ်းမှောက်မှုတွေ ဖြစ်တဲ့အပြင် ကျောင်းသားတွေ အသက်အန္တရာယ်ရှိတဲ့အတွက် အရင်နှစ်ကစပြီး မီနီဘတ်စ်တွေနဲ့ အစားထိုးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကျောင်းကားပြေးဆွဲမယ့်ယာဉ်တွေကို ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနက အချက် ၁၂ ချက်နဲ့ ကိုက်ညီမှ ပြေးဆွဲဖို့ ညွှန်ကြားထားပါတယ်။