Home
ဆောင်းပါး
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဖြစ်နိုင်သေးရဲ့လား
DVB
·
May 18, 2018
yt
လွန်ခဲ့သည့် စနေနေ့ ဧပြီလ ၅ ရက်နေ့က ဒီဗွီဘီ ဒီဗိတ် အစီအစဉ်တခုတွင် ပါဝင်ဆွေးနွေးခွင့်ရခဲ့သည်။ ခေါင်းစဉ်က “ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်သေးရဲ့လား” ဖြစ်သည်။ အဓိကဆွေးနွေးသူ ၄ ယောက်မှာ အန်အယ်လ်ဒီပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်း၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးမှ ဒေါက်တာနိုင်ဆွေဦး၊ ကချင်ပြည်နယ်နိုင်ငံရေးပါတီ ၄ ခု ကိုယ်စားပြု တက်ရောက်လာသူ ဒေါ်ဒွဲဘူနှင့် ကျနော်တို့ ဖြစ်သည်။ ကျနော်က မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ရဲထွန်း(သီပေါ) အနေဖြင့် လွတ်လွတ်လပ်လပ် မိမိတဦးတည်း အမြင်ကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ဒီဗွီဘီ ဒီဗိတ်သည် အပတ်စဉ် စနေနေ့တိုင်း ရိုက်ကူးတင်ဆက်သည့် အစီအစဉ်တခု ဖြစ်ပြီး၊ လူတိုင်း လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိခြင်းကို လက်ခံလာတတ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အစီအစဉ်တွင် ပင်တိုင်ပါဝင်ဆွေးနွေးသူ ၄ ဦးသည် အမြင် တထပ်တည်း တူချင်မှတူမည် ဖြစ်သလို ဆွေးနွေးငြင်းခုံရင်းဖြင့် အဖြေတခု ရှာပေးနိုင်ရန်လည်း ရည်ရွယ်ချက် မရှိပါပေ။ ကျနော့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မိမိ၏ အမြင်ကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရခဲ့သော်လည်း အချိန်တိုအတွင်း ပြည့်စုံစွာ ပြောခွင့်မရသည့်အတွက် ဆောင်းပါးတစောင် ရေး၍ ပြန်လည်တင်ပြလိုပါသည်။ အခြေခံဥပဒေကို မည်သူတွေက ပြင်ဆင်လိုနေသနည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးလာသည်မှာ ၇ နှစ်ကျော် ရှိလာသည့် ယနေ့အချိန်တွင် မည်သူတွေက ပြင်ချင်နေတာလဲဟု မေးလာလျှင် အားလုံးကဟု ဖြေရလိမ့်မည်။ ဘာကို ပြင်ချင်တာလဲ မေးလျှင်တော့ အဖြေက တူညီကြလိမ့်မည် မဟုတ်။ မိမိတို့၏ မတူညီသော ရပ်တည်မှုများအလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူနည်းစု တိုင်းရင်းသား နိုင်ငံရေးပါတီများသာမက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အခြားသော ဒီမိုကရက်တစ် နိုင်ငံရေးပါတီများကပါ ပြင်ဆင်ချင်ကြသည်ကို ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်းက တွေ့မြင်ခဲ့ကြရသည်။ ကုန်ကုန်ပြောရလျှင် တပ်မတော်ကလည်း ပြင်ဆင်လိုသည့် အပိုဒ်များ ရှိနေနိုင်ပါသည်။ ထိုစဉ်က ပြင်ပတွင် ကြိုတင်ညှိနှိုင်းမှုများ မလုပ်နိုင်ခဲ့ဘဲ လွှတ်တော်တွင်းတွင် အခြေခံဥပဒေပြင်ဆင်ရေး သက်သက်ကိုသာ ကြိုးစားခဲ့ကြလေရာ၊  အချို့သောအချက်များကို ပြင်ဆင်နိုင်ခဲ့သော်လည်း အရေးပါသည့် ပြင်ဆင်ချက်များကို မပြင်နိုင်ခဲ့ချေ။ ယခုအချိန်တွင် ထင်ရှားလာသည့် အချက်တခုမှာ နိုင်ငံနှင့် နိုင်ငံသား အားလုံး၏ ဘုံအကျိုးစီးပွားဖြစ်သည်ဟု သဘောတူညီကြသော ပြဿနာကို ဖြေရှင်းရေးသည် အခြေခံဥပဒေ ပြင်ဆင်ရန် အခြေခံ အကြောင်းအချက် ဖြစ်လာနေခြင်းပင်။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စပင် ဖြစ်ပါသည်။ ကမ္ဘာတွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ကို တိုက်နေရသည့် နိုင်ငံတခုအနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ကာ အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံတခု ဖြစ်လာရန်ကိစ္စမှာ ထင်သာမြင်သာ အရေးကြီး ကိစ္စရပ်ကြီး ဖြစ်နေပါသည်။ ဤကိစ္စကား တပ်မတော်သားများ အပါအဝင် တမျိုးသားလုံး၏ ဘုံအကျိုးစီးပွား ဖြစ်သည်မှာ ထင်ရှားသည်။ အခြေခံဥပဒေကို ဤသို့ ပြင်ဆင်ပေးလိုက်လျှင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းကာ ထာဝရငြိမ်းချမ်းရေးရမည်- ပြည်ထောင်စုပြိုကွဲရေး အန္တရာယ်လည်း မရှိနှိုင်တော့- ဆိုသည့် အာမခံချက်ရှိစေမည့် ပြင်ဆင်ချက်မျိုး ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ခွဲထွက်ရေးကို မတောင်းဆိုတော့ဘဲ အခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် ပီပြင်စေရန်သာ လိုလားနေကြသောကြောင့် ၂၁ ရာစု ပင်လုံညီလာခံတွင် အဆိုပါကိစ္စကို ဆွေးနွေးနေကြပြီ ဖြစ်သည်။ သို့ဖြစ်၍ အခြေခံဥပဒေပြင်ဆင်ရေးသည် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ထာဝရငြိမ်းချမ်းရေးတို့နှင့် ခေါင်းနှင့် ပန်းပမာ ခွဲမရ ဖြစ်လာရလေတော့သည်။ တနည်းအားဖြင့် ပြောရလျှင် အခြေခံဥပဒေပြင်ဆင်ရေးသည် ထာဝရငြိမ်းချမ်း၍ မပြိုကွဲသော မြန်မာနိုင်ငံတော် ဖြစ်တည်လာရေး ဆိုသော ပစ်မှတ်အတွက် ဖြစ်ပါသည်။ ဒီဗွီဘီ ဒီဗိတ်တွင် ငြိမ်းချမ်းရေးကိစ္စမဟုတ်ဘဲ အခြားသော အကြောင်းဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး မလုပ်နိုင်ဘူးလားဟု အမေးတခု ရှိလာပါသည်။ စာရေးသူ၏အမြင်တွင် ထိုသို့သောကိစ္စသည် လက်တွေ့တွင် ထင်သာမြင်သာ ဘုံအကျိုးစီးပွား ပြဿနာမဟုတ်သဖြင့် ဆိုင်းထား၍ ရနိုင်သည့်ကိစ္စ ဖြစ်လေရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာ စသည်တို့ဖြင့် အလုပ်များနေသော အန်အယ်လ်ဒီအစိုးရအနေဖြင့် အာရုံစိုက်နိုင်လိမ့်မည် မထင်ပါ။ အခြေခံဥပဒေပြင်ဆင်ရေး အဓိက Stakeholder တဦး ဖြစ်သော တပ်မတော်ကလည်း ငြိမ်းချမ်းရေးနှင့်မသက်ဆိုင်သော တခြားပြင်ဆင်ချက်ကို စိတ်ဝင်စားလိမ့်မည် မထင်ပါ။ ပင်ဆင်ရန် ခက်ခဲသည့် အခြေခံဥပဒေလော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအရ၊ ပြင်ဆင်ချက်တရပ်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပါမှ အောင်မြင်နိုင်လေရာ ၇၅ ရာခိုင်နှုန်း ပလပ်စ်ဝမ်း (၇၅+၁) ဟု ပြောလေ့ရှိပါ သည်။ အဓိပ္ပာယ်မှာ ပြင်ဆင်ချက်တရပ်ကို အရွေးကောက်ခံ ကိုယ်စားလှယ်အားလုံး (၇၅ ရာခိုင်နှုန်း) နှင့် တပ်မတော်သား ကိုယ်စားလှယ် တယောက် ထောက်ခံပါမှ အောင်မြင်နိုင်မည် ဆိုသည့် အဓိပ္ပာယ် ဖြစ်သည်။ ထိုသို့ ဖြစ်လာရန်မှာ လက်တွေ့တွင် အလွန်ခက်ခဲပါသည်။ အကြောင်းမှာ အရွေးကောက်ခံ ကိုယ်စားလှယ်များသည် မည်သည့်အခါမျှ ပြည်ထောင်စုလွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်း အပြည့်မရှိသောကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပသည့်အချိန်ကပင်လျှင် မြို့နယ်ပေါင်း ၃၃၀ အပြည့် မကျင်းပနိုင်ခဲ့ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စားလှယ် နေရာ လစ်လပ်ခြင်းနှင့် နေရာအားလုံးတွင် တပါတီထဲက အနိုင်ရရှိထားခြင်း မဟုတ်သောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း အပြည့်ရရှိရန်ပင် မလွယ်ပါ။ အခြားတဖက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှာ ခွင့်နှင့် ပျက်ကွက်သူမှလွဲ၍ အချိန်ပြည့် ၂၅ ရာခိုင်နှုန်း ရှိနေပါသည်။ ထို့ပြင် တပ်မတော်သား ကိုယ်စားလှယ်အားလုံးကို ကာကွယ်ရေးဦးစီးချုပ်မှ အချိန်မရွေး ခန့်အပ်ခြင်း၊ လူစားလဲလှယ်ခြင်း စသည်တို့ကို ပြုလုပ်ခွင့်ရှိသည့်ပြင် အရေးကြီးသည့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုများကို ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် ထိန်းချုပ်ခွင့်ရှိပါသည်။ ထိုသို့သော အချက်များကို ထောက်ပြ၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ပြင်ဆင်ရန် အခက်ခဲဆုံးဥပဒေဟု ပြောဆိုလေ့ရှိကြပါသည်။ ကျနော့်အမြင်မှာ ထိုသို့ မဟုတ်ပါ။ အခြေခံဥပဒေပြင်ဆင်ချက်တရပ်ကို ဖြစ်စေ၊ အရေးကြီးသော ဥပဒေတရပ်ကို ဖြစ်စေ အတည်ပြုနိုင်ရန် လုံလောက်သော ထောက်ခံမဲ မရရှိ၍ မပြတ်မသား သောင်မတင်ရေမကျ ဖြစ်နေလျှင် လွှတ်တော်တွင်း အမတ်နေရာ ရရှိထားသော နိုင်ငံရေးပါတီများအကြား လွှတ်တော်ပြင်ပတွင် အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြရစမြဲ ဖြစ်ပါသည်။ လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများ အချင်းချင်းညှိနှိုင်းမှုကို မည်သည့်နိုင်ငံတွင်မျှ ပိတ်ပင်မထားပါချေ။ လွှတ်တော်တွင်း မဲပေးစဉ်တွင် အနိုင်အထက်ပြု မဲပေးစေခြင်းကိုသာ ဥပဒေဖြင့် တားမြစ်ထားပါသည်။ လွှတ်တော်ပြင်ပတွင် ထိုသို့ အပြန်အလှန် နားလည်မှုရသွားပြီး ထောက်ခံမဲ အလုံအလောက် ရရှိသွားပါက ဥပဒေပြုရန် လမ်းပွင့်သွားသည်ချည်း ဖြစ်ပါသည်။ ယခုလည်း ထိုအတိုင်းပင်။ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွင် အနိုင်ရ အန်အယ်လ်ဒီ အမတ်များက ပါတီ၏ ညွှန်ကြားချက်အတိုင်း မဲပေးကြမည် ဖြစ်သကဲ့သို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်အတိုင်း မဲပေးကြမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ သို့ဖြစ်လျှင် အန်အယ်လ်ဒီ ခေါင်းဆောင်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ လွှတ်တော်ပြင်ပတွင် နိုင်ငံရေးအရ သဘောတူညီ နားလည်မှုရရှိထားပြီးပါက အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်သည့် အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၅၀ ရာခိုင်နှုန်း ကျော်ကျော်လေးသာ ဖြစ်သည်။ လိုအပ်သည့် ကျန် ၂၅ ရာခိုင်နှုန်းမှာ သေချာပေါက် ထောက်ခံမည်ဖြစ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်လျှင် အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်သည့် ထောက်ခံမဲမှာ ၅၁ ရာခိုင်နှုန်း + ၁ သာဟု ဆိုနိုင်လေသည်။ အဆိုပါ + ၁ သည် လွှတ်တော်တွင်းတွင်မရှိဘဲ ၂၅ ရာခိုင်နှုန်းသောမဲကို တလုံးတခဲထဲ အာမခံနိုင်သော + ၁ ဖြစ်ကြောင်း နားလည်ထားသင့်သည်။ အထက်ပါ ကျနော့်အမြင်ကို ရှင်းပြသည့်အခါ လွှတ်တော်ပြင်ပရှိ အဆိုပါ + ၁ ကို လက်ခံလာအောင် ဆွေးနွေးရန်မှာ ခက်ခဲမှာ ဖြစ်သည့်အတွက် သိပ်စိတ်ဝင်စားမှု မရှိလှချေ။ ၎င်းတို့၏အမြင်မှာ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက လွတ်လွတ်လပ်လပ် ခန့်ထားရခြင်း မဟုတ်ဘဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ခန့်ထားရသောကြောင့် အခြားသော ပြည်ထောင်စုအဖွဲ့အစည်းဝင်များ၊ ပြည်ထောင်စုအစိုးရ ဝန်ကြီးများအပေါ် သြဇာညောင်းသကဲ့သို့ သြဇာညောင်းမည် မဟုတ်ဟု ဆိုကြလေသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ယောက်တွင် ကာကွယ်ရေးဦးစီးချုပ်က သြဇာညောင်းသူ ၆ ယောက် ပါဝင်ပြီး၊ နိုင်ငံတော်သမ္မတက သြဇာညောင်းသူ ၅ ယောက်သာ ပါဝင်သဖြင့် ခန့်ထားမည့် ကာကွယ်ရေးဦးစီးချုပ်မှာ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဇာညောင်းသူသာ ဖြစ်ဖို့များပါသည်။ ထိုသို့ဖြစ်နေခြင်းကြောင့် ကာကွယ်ရေးဦးစီးချုပ် အစဉ်အဆက်မှာ အရပ်သားသမ္မတ၏ သြဇာညောင်းသူ ဖြစ်ရန်မလွယ်ဟု ပြောဆိုကြပါသည်။ ထိုသို့ပြောဆိုသူတို့သည် အခြေခံဥပဒေပုဒ်မ ၃၄၂ ၏ အားနည်းချက်ကို မမြင်ကြချေ။ ထိုပုဒ်မသည် ၂၀၀၈ အခြေခံဥပဒေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခန့်ထားရေးနှင့် ပတ်သက်သည့် တခုတည်းသော ပုဒ်မဖြစ်ကာ အောက်ပါအတိုင်း ဆိုသည်။ ၃၄၂ ။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကွယ်လွန်(သို့မဟုတ်) နုတ်ထွက် (သို့မဟုတ်) အနားယူသွားသည့်အခါ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီိးချုပ်သည် အလိုအလျောက် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ရမည်ဟု မပြဋ္ဌာန်းခဲ့ခြင်းကို ကျနော်က အကောင်းမြင်သည်။) ပုဒ်မ ၃၄၂ ပြဋ္ဌာန်းချက်က ထိုသို့ ဆိုထားခြင်းကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မရှိသည့် အခြေအနေဟု နားလည်ရပေမည်။ ထိုသို့သော အခြေအနေတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့သည် ၁၀ ဦးသာ ရှိပေလိမ့်မည်။ စုံဂဏန်း ဖြစ်နေသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်အသစ် ရွေးချယ်ရာတွင် ထောက်ခံနှင့် ကန့်ကွက် တူညီနေပါလျှင် မည်သို့ ဆုံးဖြတ်မည်နည်း။ တဖန် ကာကွယ်ဦးစီိးချုပ်၏ အသက် ၆၀ ပြည့်သွား၍ သက်တမ်းတိုးလျှင် အချိန်မည်မျှနှင့် အကြိမ်မည်မျှ တိုးနိုင်သနည်း၊ မည်သူက ဆုံးဖြတ်မည်နည်း စသည်တို့မှာ အခြေခံဥပဒေတွင် မပါရှိချေ။ ထို့ပြင် နိုင်ငံတော်၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်သော သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်များ၊ နိုင်ငံတော်တရားလွှတ်တော်ချုပ် တရားသူကြီးများကို ပုဒ်မ ၇၁(က) ပါ ပြစ်မှု ၅ ရပ်အနက် တရပ်ရပ်ကို ကျူးလွန်လျှင် စွပ်စွဲပြစ်တင်နိုင်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖောက်ဖျက်ကျူးလွန်လျှင် မည်သို့ အရေးယူနိုင်ပုံကို အခြေခံဥပဒေတွင် ပြဋ္ဌာန်းမထားချေ။ သို့ဖြစ်လေရာ အဆိုပါပြဿနာကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေ သို့မဟုတ် ကာကွယ်ရေးဦးစီးချုပ် ခန့်ထားရေး ဥပဒေ ဆိုသည်မျိုး ပြဋ္ဌာန်း၍ တိတိကျကျ ဖြစ်စေသင့်သည်။ ထိုသို့သော ဥပဒေပြဋ္ဌာန်းကြသည့်အခါ ကာကွယ်ရေးဦးစီးချုပ် ရုတ်တရက် ကွယ်လွန် (သို့မဟုတ်) နုတ်ထွက် (သို့မဟုတ်) အနားယူသွားသောအခါ ကျန်ရှိသော ကာလုံအဖွဲ့ဝင်များ၏ အဆိုပြု ထောက်ခံချက်ဖြင့်ဟု ရှင်းလင်းစွာ ပြဋ္ဌာန်းနိုင်သလို၊ ထောက်ခံမဲနှင့် ကန့်ကွက်မဲ တူညီနေသောကိစ္စမျိုးတွင် နိုင်ငံတော်သမ္မတသည် အဆုံးအဖြတ်မဲ ထပ်မံပေးခြင်းဖြင့် အတည်ပြုနိုင်၊ ပယ်ချနိုင်သည်ဟု ပြဋ္ဌာန်းနိုင်ပါသည်။ ထိုသို့ ပြဋ္ဌာန်းနိုင်ခဲ့လျှင် ကာကွယ်ရေးဦးစီးချုပ်အသစ်မှာ နိုင်ငံတော်သမ္မတ၏ ထောက်ခံချက်မပါဘဲ ဖြစ်မလာနိုင်ပါချေ။ ထိုသို့သော ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့၏ ဆက်ဆံရေး- တနည်းအားဖြင့်ဆိုလျှင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ ပိုမိုချောမွေ့ကောင်းမွန်လာမည် ဖြစ်ပြီး၊ နိုင်ငံ့အရေးကိစ္စများ တိုင်ပင် ဆွေးနွေးရာတွင် ပိုမိုပြေပြစ်လာဖွယ် ရှိပါသည်။ သို့ဖြစ်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် ဆက်စပ်နေသည့် ပြဿနာများကိုလည်း ပြေပြေလည်လည် ညှိနှိုင်းနိုင်ပါလိမ့်မည်။ တနည်းအားဖြင့်ဆိုလျှင် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးတွင် အရပ်ဘက်-စစ်ဘက် အမြင်များ လွန်စွာကွဲပြားခြားနားနေခြင်းမျိုး မရှိနိုင်တော့သဖြင့် လုပ်ရကိုင်ရ ပိုမိုချောမွေ့ပါလိမ့်မည်။ ထိုသို့သော အခြေအနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံနှင့် နိုင်ငံသားများ အကျိုးအတွက် ပြင်ဆင်ရန် ခက်ခဲလှတော့မည် မဟုတ်ပါ။ သို့သော်လည်း ငြိမ်းချမ်းရေးရဖို့လည်း မသေချာ၊ ပြည်ထောင်စုကြီး မပြိုကွဲနိုင်တော့ ဆိုသည့် အာမခံချက်များလည်း မရှိသေးဘဲ၊ တနည်းအားဖြင့်ဆိုလျှင် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာရေးလမ်းကြောင်းကို လက်ခံရန်ပင်လျှင် အလွန်ခက်ခဲစွာ ပြောဆိုနေရသော အခြေအနေမျိုးတွင် အစိုးရကရော၊ တပ်မတော်ကပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးလိမ့်မည်ဟု သိပ်မထင်ပါချေ။ အနာဂတ်ကာလတွင် ဖြစ်လာမည်ဟု ယုံကြည်သော်လည်း အချိန်တိုအတွင်း မမျှော်လင့်နိုင်ပေ။ ရဲထွန်း (သီပေါ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024