ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွင် ပါဝင်သူ နောက်ထပ် ၉ ဦးကို အမှုဖွင့်
ကျော်ဇေဝင်း
·
May 15, 2018
ရန်ကုန်မြို့၊ တာမွေအဝိုင်းထိပ်မှာ မေ ၁၂ ရက် ညနေက ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ၉ ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့ ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားလိုက်ပါတယ်။
အမှုဖွင့်ခံရသူတဦးဖြစ်တဲ့ မရှားယမုံက “ကျမတို့ စုစုပေါင်း ကိုးဦးပေါ့နော်။ မနေ့က ညပိုင်းက ရဲစခန်းက အကြောင်းကြားစာ ထပ်ပို့တာပေါ့။ အမှုဖွင့်ခံရသူ ကိုးဦးလုံး စုပြီးတော့ ဒီနေ့ညနေ လေးနာရီ ရဲစခန်းသွားပြီး ဖြေရှင်းကြမှာပါ”လို့ ပြောပါတယ်။
ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံရသူတွေကတော့ ကိုသက်ဆွေဝင်း၊ ကိုမိုဃ်းသွေး၊ ကိုလင်းထက်နိုင်(ခ)ဂျိမ်း၊ ကိုပိုင်ရဲသူ၊ မောင်ဆောင်းခ၊ ကိုထက်ခိုင်စိုး၊ မရှားယမုံ၊ မအိအိမိုးနဲ့ မသဉ္ဇာရွှန်းလဲ့ရည်တို့ ၉ ဦး ဖြစ်ပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇေယျာလွင်၊ ကိုမြတ်ကျော်တို့ အပါအဝင် ကိုးဦးကိုလည်း ပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားပါသေးတယ်။
ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ အရ ပြစ်မှုထင်ရှားကြောင်း ပေါ်လွင်ရင်တော့ ထောင်ဒဏ် ၁ လနဲ့ ဒဏ်ငွေ ၃ သောင်း ကျခံရမယ်လို့ ငြိမ်းစုစီဥပဒေမှာ ဖော်ပြထားပါတယ်။