တရားစီရင်ရေးနှင့်ပတ်သက်ပြီး တိုင်ကြားစာပေါင်း ၃၄၀၀ ကျော်ရရှိ
DVB
·
May 9, 2018
မြန်မာနိုင်ငံမှာ တရားစီရင်ရေးလုပ်ငန်းနဲ့ပတ်သက်လို့ တရားရုံးရဲ့ ဆောင်ရွက်ချက်တွေအပေါ် တိုင်ကြားခဲ့တဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာပေါင်း ၃၄၀၀ ကျော် ရရှိခဲ့တယ်လို့ ၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာအရ သိရပါတယ်။
တိုင်ကြားစာပေါင်း ၃၄၀၁ စောင်ထဲက ၃၃၈၆ စောင်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တိုင်ကြားစာစိစစ်ပြန်ကြားရေးကော်မတီက စုံစမ်းစစ်ဆေးခဲ့ပြီး ၁၅ စောင်ကတော့ စုံစမ်းစစ်ဆေးဖို့ ကျန်နေသေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တရားစီရင်ရေးလမ်းကြောင်းအရ ဆောင်ရွက်ဖို့ တိုင်ကြားစာ ၂၃၇၃ စောင်နဲ့ တိုင်ကြားမှု မမှန်ကန်တဲ့ တိုင်ကြားစာ ၁၀၀၈ စောင်ကိုတော့ ပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။
တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လက်အောက်ဝန်ထမ်းတွေအပေါ် ကြီးကြပ်မှုအားနည်းတာ၊ ဥပဒေလုပ်ထုံးလုပ်နည်း မလိုက်နာတာတွေနဲ့ ဝန်ထမ်းကျင့်ဝတ်နဲ့ စည်းကမ်းဖောက်ပျက်မှု ပေါ်ပေါက်ခဲ့တဲ့ တိုင်ကြားစာ ၅ စောင်ကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။
တိုင်ကြားစာတွေအရ အရေးယူအပြစ်ပေးခံရတဲ့ ၅ ဦးထဲမှာ သတိပေးပြစ်ဒဏ်ခံရသူ ၂ ဦး၊ ဝန်ထမ်းအဖြစ်ကထုတ်ခံရသူ ၁ ဦး၊ ရာထူးတိုးမြှင့်ရေး ရပ်ဆိုင်ခံရသူ ၁ ဦးနဲ့ လစာလျှော့ အပြစ်ဒဏ်ခံရသူ ၁ ဦး တို့ပါဝင်တယ်လို့ အစီရင်ခံစာအရသိရပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တိုင်ကြားစာ စိစစ်ပြန်ကြားရေးကော်မတီက ၂၀၁၇ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ လက်အောက်တရားရုံး အဆင့်ဆင့်က တရားရေး အရာရှိတရားသူကြီး ၈၈ ဦး၊ ရုံးဝန်ထမ်း ၇၂ ဦး၊ အားလုံး ၁၆၀ ဦးကို ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်တွေလည်း ချမှတ်ခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါပေမယ့် အဲဒီပြစ်ဒဏ်ပေးခံလိုက်ရတဲ့ တရားသူကြီးတွေကတော့ ဘယ်ပြည်နယ်၊ ဘယ်တိုင်းက တရားသူကြီး ဘယ်သူတွေ ဖြစ်တယ် ဆိုတာကိုတော့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။