ကရင်နီဒုက္ခသည် အယောက် ၂၀ ပြည်တွင်း ပြန်လာအခြေချ
DVB
·
May 8, 2018
ထိုင်း-မြန်မာနယ်စပ် ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းက ဒုက္ခသည်အယောက် ၂၀ ဟာ စားနပ်ရိက္ခာအခက်အခဲတွေကြောင့် ပြည်တွင်းမှာ ပြန်လည်အခြေချနေထိုင်ဖို့အတွက် မေလ ၇ ရက်က နယ်စပ်အမှတ် ၁၃ လမ်းက ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။
ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှာ ပုံမှန်ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာတွေကို လျှော့ချလိုက်တာကြောင့် စခန်းမှာ ဆက်ပြီး နေထိုင်ဖို့ ခက်ခဲတဲ့အတွက် ပြန်လာကြတာလို့ ကရင်နီဒုက္ခသည်စခန်းက ပြန်လာတဲ့ ကိုစောထူးဝါးကပြောပါတယ်။
“ဟိုဘက်မှာ အဆင်မပြေလို့၊ ဆန်တွေ လျှော့ချလို့ ပြန်လာတာပါ။ ဟိုးအရင်တုန်းကတော့ ပြည့်စုံတယ်၊ အခုကတော့ တဖြည်းဖြည်း လျှော့ချလို့ ဒီဘက်ပြန်လာတာပါ။ အရင်တုန်းကတော့ ဆန် တပုံးပေးတယ်၊ ပြန်လျှော့ချတော့ ကိုးကီလို၊ တပုံးမပြည့်ဘူး”
ခုလို ပြည်တွင်းပြန်လာတဲ့ ဒုက္ခသည်တွေကို ကယားပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဘက်အဖွဲ့တွေနဲ့ အန်ဂျီအိုအဖွဲ့တွေက ထိုင်း-ကယားနယ်စပ်မှာ သွားရောက် ကြိုဆိုခဲ့ကြ ပါတယ်။
ကယားပြည်နယ်အစိုးရအဖွဲ့က ပြန်လာတဲ့ ဒုက္ခသည်တဦးစီကို တလစာအတွက် ဆန် ၁၂ ပြည်၊ ဆီ ၁ ပိဿာ၊ ရေသန့် ၁ ကတ်၊ ငွေကြေးအချို့နဲ့ အိမ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးထားပါတယ်။
ပြည်တွင်း ပြန်လာကြတဲ့ ဒုက္ခသည်တွေဟာ မိသားစုအလိုက် ပြန်လာကြတာရှိပြီး ကလေးငယ်တွေ လည်း အများအပြား ပါဝင်ပါတယ်။
ကျောင်းနေအရွယ် ကလေးငယ်တွေလည်း ပါဝင်နေတာကြောင့် လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက “ကလေးလေးတွေ တော်တော်များတယ်။ အဲဒီကလေးတွေ အတွက်လည်း ဟိုကမွေးစာရင်းကို ဒီက လ.ဝ.က က တခါတည်း အသိအမှတ်ပြုပေးတာပေါ့။ နောက် ဟိုကကျောင်းအတန်းအစားအလိုက်လည်း ပညာရေးဌာနက လက်ခံပြီးတော့ နီးစပ်ရာကျောင်းတွေကို လာမယ့် ကျောင်းဖွင့်ရာသီမှာ လက်ခံပေးဖို့ပေါ့" လို့ ပြောပါတယ်
ဒါ့အပြင် ပြန်လာတဲ့ ဒုက္ခသည်တွေကို တခြားလိုအပ်တဲ့ နိုင်ငံသားကတ်နဲ့ အိမ်ထောင်စုစာရင်းတွေကို တခါတည်း ထုတ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ခုလို ပြန်လာတဲ့ ဒုက္ခသည်တွေထဲမှာ ကယားပြည်နယ် မယ်စဲ့မြို့နယ်က ၄ ဦး၊ ဒီးမော့ဆိုမြို့နယ်က ၄ ဦးနဲ့ လွိုင်ကော်မြို့နယ်က ၁၂ ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ကရင်နီ ဒုက္ခသည်တွေ ပြည်တွင်း ပြန်လာကြတာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ခွန်းတူးတူးလေး