ဖားကန့် မြေပြိုမှု နောက်ထပ် အလောင်း ၃ လောင်း ထပ်မံတွေ့ရှိ
နန်းမြနဒီ
·
May 4, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု ဝှေခါရွာရှိ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်တခုမှာ ဒီကနေ့မနက်စောစောက စွန့်ပစ်မြေစာပုံပြိုကျပြီး မြေပိမိနေသတွေကို ရှာဖွေနေရာမှာ ခုညနေပိုင်းက နောက်ထပ် အလောင်း ၃ လောင်းတူးဖော် တွေ့ရှိခဲ့ပါတယ်။
မြေစာပုံအောက် ပိနေသူတွေကို ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲကစ ဆက်လက်တူးဖော်ရာမှာ ညနေ ၃ နာရီ ခွဲလောက်ထိ အလောင်း ၃ လောင်း တွေ့ရှိတယ်လို့ တူးဖော်ရာမှာ ကူညီဆောင်ရွက်နေတဲ့ သင်္ခါလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“ညနေ ၂ နာရီ ၅၀ မိနစ်မှာ ၁ ယောက်တွေ့တယ်၊ ၃ နာရီ ၁၅ မှာ ၁ ယောက် ၊ ၃ နာရီ ၃၅ မိနစ်မှာ ၁ ယောက် အားလုံး ၃ ယောက်တွေ့တယ်၊ မြေစာတွေ ကော်ထုတ်ပစ်တာလည်း ကုန်သေ လာက်ရှိသွားပြီ။ ဒါပေမယ့် ကျနော်တို့ ညနေ ၅ နာရီထိ ဆက်တူးပါမယ်”
ဒီကနေ့ မနက်ကနေ ညနေထိ တိကျတဲ့ စာရင်းမှာ သေဆုံးသူ စုစုပေါင်း ၁၇ ဦး နဲ့ ဒဏ်ရာရသူ ၆ ဦးရှိကြောင်း၊ အရင်ဆုံး အလောင်းအဖြစ်တွေ့တာ ၁၁ ဦး၊ ဝေခါတိုက်နယ်ဆေးရုံမှာ သေဆုံးသူ ၁ ဦး၊ ဖားကန့်ဆေးရုံမှာ သေဆုံးသူ ၂ ဦး၊ ယနေ့ညနေပိုင်း အလောင်းအဖြစ် ထပ်မံတွေ့ရှိ ၃ ဦးတို့ ဖြစ်တယ်လို့ ဦးခင်မောင်က ထပ်မံအတည်ပြု ပြောသွားပါတယ်။
သူတို့တူးဖော်နေတဲ့ မြေစာဟာ ကုန်သလောက်ရှိပြီမို့ နောက်ထပ်ရှိဟန်မတူကြောင်း၊ ပျောက်ဆုံးသူ လူနာမည်စာရင်းတွေလည်း နောက်ထပ်လာပေးတာ မရှိဘူးလို့ ဦးခင်မောင်က ပြောသွားပါတယ်။
အစိုးရပြန်ကြားရေးကတော့ ဖားကန့်မြို့နယ် ဝှေခါ ကျေးရွာရှိ ကုမ္ပဏီ လုပ်ကွက်တစ်ခုမှာ မြေစာပုံ ပြိုကျခဲ့လို့ ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦး ရှာဖွေတွေ့ရှိထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။