ဧရာဝတီတိုင်းတွင် မိုးကြိုးပစ်ခံရပြီး အမျိုးသား ၃ ဦး သေဆုံး
DVB
·
May 4, 2018
ဧရာဝတီတိုင်းဒေသကြီးမှာ မေလ ၂ ရက်နဲ့ မေလ ၃ ရက်နေ့တွေက မိုးကြိုးပစ်ခံရပြီး အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မအူပင်၊ ဝါးခယ်မနဲ့ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်ကွင်းနဲ့ ရွာအပြင်ဘက်တွေမှာ မိုးကြိုးထိမှန် သေဆုံးခဲ့တာလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။
မေလ ၂ ရက် ညနေ ၅ နာရီလောက်က မအူပင်မြို့နယ် အင်းတေးအပြင်ကျေးရွာထိပ်မှာ စတီးလ်သံတိုသံစနဲ့ ဆံပင်တွေ အရောင်းအဝယ်လုပ်တဲ့ ကိုလှချစ် (၂၉-နှစ်) ဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သလို ညနေ ၆ နာရီခွဲလောက်မှာ ဝါးခယ်မမြို့နယ်၊ အုန်းပင်စုကျေးရွာနေ မိုးဝင်း (၃၅-နှစ်)ဟာ လယ်ကွင်းထဲမှာပဲ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
မေလ ၃ ရက်နေ့ ညနေ ၃ နာရီမှာလည်း လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာနေ ကိုဝင်းကို (၁၉-နှစ်)ဟာ လယ်ကွင်းထဲမှာ ဂဏန်းထောင်နေတုန်း မိုးကြိုးပစ်ခံရပြီး ထပ်မံ သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးခင်မောင်လတ်က “အဆိုးဆုံး ဖြစ်ရပ်ကတော့ မအူပင်မြို့နယ် အင်းတေးအပြင်ကျေးရွာမှာ ပစ်တာပါ။ စတီလ်းတွေ သံတိုသံစတွေ၊ ဆံပင်တွေ ရွာလယ်လမ်းမတလျှောက် လိုက်ဝယ်ပြီး ရွာအပြင်ကို အရောက် အပစ်ခံရတာပါ။ ရွာထိပ်မှာ လူတယောက် လဲနေတယ်ဆိုတာ သိရလို့ ရွာကသူတွေ သွားကြည့်ရင်း သိရတာပါ”လို့ ပြောပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသူ သုံးဦးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေက သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးနေပါတယ်။
သတင်း - မြမင်းဦး