စစ်ပွဲကြောင့် တောတွင်းပိတ်မိနေသည့်ရွာသား ၂၄ ဦး စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိ
DVB
·
May 3, 2018
ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ တောတွင်းပိတ်မိနေတဲ့ ပြည်သူ ၃၀၀၀ လောက်ထဲက ၂၄ ဦးဟာ မနေ့ညက ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာပါတယ်။
အင်ဂျန်းယန်မြို့နယ်၊ အင်ကရန့်ကောင်ကျေးရွာမှာရှိတဲ့ ရွာသား၂၄ ဦးဟာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ စိန့်ဂျိုးဇက်ကက်သလစ်အသင်းတော်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းကို မေ ၂ ရက် ည ၁၁ နာရီလောက်မှာ ရောက်ရှိလာခဲ့တာပါ။
အဆိုပါ ရွာသား၂၄ ဦးဟာ ဧပြီ ၂၆ ရက်ကစပြီး တိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးကာ တောထဲမှာ တိမ်းရှောင်နေခဲ့ကြရတာဖြစ်ပြီး အစာမစားရတဲ့ ရက်တွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ တောတွင်းပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူအားလုံးကို အမြန်ဆုံး ကယ်ဆယ်ပေးဖို့ အစိုးရကို ကချင်လူငယ်ထု အပါအဝင် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။
သတင်း - ရဲမွန်