မဲဆောက်တွင် မြန်မာလုပ်သား ၁ဦး ခေါင်မိုးတက်ပြင်ရာမှ ဓာတ်လိုက်ပြုတ်ကျ၊ ဒဏ်ရာပြင်းထန်
DVB
·
April 23, 2018
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မန့မနက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး ခေါင်မိုးတက်ပြင်ရင်း ဓာတ်လိုက်ပြီး အောက်ကိုပြုတ်ကျခဲ့တယ်လို့ ခေါဝ်ဆွတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
မနေ့မနက် ၉ နာရီလောက်က မဲဆောက်မြို့လည် မဲဆောက်-တာ့ခ် သွား လမ်းမကြီးဘေးက အိမ်တစ်အိမ်မှာ လူတယောက် ဓာတ်လိုက်ခံရပြီး အမြင့်ပေါ်က ပြုတ်ကျလာကြောင်း သတင်းအရ သက်ဆိုင်ရာအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ မဲဆောက်ဆေးရုံ အရေးပေါ် လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်ကူညီခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့ဝင်က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့ရောက်ရှိသွားချိန် နှစ်ထပ်တိုက်အိမ်ယာ အိမ်တအိမ်ရှေ့ ဆင်ဝင်အောက်မှာ ကျိုးပဲ့နေတဲ့ အုတ်ကြွတ်ပုံတွေကြား မီးလောင်ဒဏ်ရာတွေ ၊ အကျီစတွေ အသားထဲကပ်ဝင်နေပြီး သတိလစ်နေသူ အသက် ၂၀ ရွယ် လူရွယ်တစ်ဦးကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က သတိလစ်နေတဲ့ လူရွယ်ကို ရှေးဦးသူနာပြုစုနည်းနဲ့ ဦးစွာပြုစုပြီးမှ လူနာသတိရလာတဲ့အခါ မဲဆောက်ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်အရ အဆိုပါလူရွယ်ဟာ လှမျိုးအောင် ( ၂၀ နှစ် ) ဖြစ်ပြီး အဲဒီနေ့က မြန်မာအလုပ်သမား ၃ ယောက် ပြုပြင်ဆဲ နေအိမ်တစ်လုံး ခေါင်မိုးဖာဖို့ လုပ်နေကြောင်း ၊ လှမျိုးအောင်က ၅ မီတာအမြင့်ရှိတဲ့ ခေါင်မိုးပေါ်တက်သွားပြီး ကျန်နှစ်ယောက်က အောက်ကနေ အုတ်ကြွတ်တွေ လှမ်းပေးနေကြောင်း ၊ ခေါင်မိုးအောက်မှာ မီးကြိုးတွေ သွယ်တန်း ထားတဲ့အတွက် လှမျိုးအောင်က အုတ်ကြွတ်တွေအလွယ်တကူခွါနိုင်ဖို့ မီးကြိုးကိုယူကာ သူ့ကိုယ်ကို ပတ်လိုက်တဲ့အခါမှာ ဓာတ်လိုက်ခံရတာဖြစ်ကြောင်း ၊ ဓာတ်လိုက်ခံရတော့ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ အောက်ကို ပြုတ်ကျသွားခဲ့တာလို့ လုပ်ဖော်ကိုင်ဘက်အ လုပ်သမားတွေက ပြောပါတယ်။
လှမျိုးအောင်မှာ ဖိနပ်စီးထားခြင်းမရှိတဲ့အပြင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး အကာအ ကွယ်တစုံတရာမပါဘဲ အလုပ်လုပ်တဲ့အတွက် အခုလိုမတော်တဆဖြစ် ဒဏ်ရာပြင်းစွာရခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။