အင်္ဂပူနှင့် ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ လူနေအိမ်အများအပြား ပျက်စီး
DVB
·
April 18, 2018
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက ကျွဲသောင်း၊ ကျီးကြီး၊ ကညင်ငူ စတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ ဧပြီ ၁၇ ရက်ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့လို့ လူနေအိမ်တချို့ အမိုးလန်၊ ပြိုလဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အလားတူ ဟင်္သာတမြို့နယ်ထဲက ရှမ်းစု၊ ကညင်ငူ၊ လိပ်ခုံ စတဲ့ကျေးရွာပေါင်း ၈ ရွာမှာလည်း မနေ့က လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
ဟသာင်္တမြို့နယ် ရှမ်းစုကျေးရွာနေ ကိုအောင်မျိုးသန့်က “ကျနော့်တသက်မှာ ဒါမျိုးဖြစ်တာ ဒါပထမဆုံးပဲ။ လေပြင်းက ရုတ်တရက် တိုက်ခတ်တယ်။ ကျနော်တို့ကျေးရွာအပါ အနားကလေး ငါးရွာလောက်လည်း ဖြစ်သွားတယ်ဗျ။ အများဆုံးက နေအိမ်တွေ အမိုးလန်တာတွေနဲ့ သေးတဲ့ အိမ်တွေကတော့ ပြိုကျသွားပါတယ်။ ကျနော်တို့တွေ ခုလိုဖြစ်တော့ စိတ်တော့ပျက်မိတာပေါ့။ မိုးချိန် ကာချိန်တွေလည်း ရောက်နေပြီလေ။ အဲဒီတော့ အချိန်မီ ပြန်လုပ်ဖို့ အခက်အခဲတွေ ကတော့ အများကြီးပါပဲ။ တာဝန်ရှိသူတွေအနေနဲ့ အနည်းနဲ့အများ ထောက်ပံ့ပေးစေချင်တာပေါ့။ ခုလောလောဆယ်တော့ ဖြစ်သလိုပဲ နေထိုင်ရမှာပဲ။ ဧရာဝတီတိုင်းဒေသကြီး အစိုးရဝန်ကြီးတော့ လာကြည့်မယ်လို့ ဒီကလူကြီးတွေ ပြောနေတာတော့ သိတယ်။ ပြောရရင် အခက်အခဲကတော့ အများကြီးပါပဲ”လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ် အမှတ်-၂ မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဇင်က “ဒီနေ့ ဝန်ကြီး တခါတည်းဆင်းလာတယ်။ လေဘေးသင့်တဲ့နေရာတွေ အားလုံး လိုက်ကြည့်မယ်။ တခါ တိုင်းခရိုင်လူကယ်ပြန်ပါ ပါလာမယ်။ လေဘေးသင့်တဲ့လူတွေ၊ အိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို တခါတည်း ပစ္စည်းနဲ့ငွေ ထောက်ပံ့မှာ။ ခုဖြစ်နေတဲ့ နေရာတွေအားလုံးကို ဝန်ကြီးချုပ်နဲ့ တခါတည်းသွားပြီး ကူညီအားပေးစကား ပြောတာတွေကို လုပ်ဆောင်မှာပါ။ ဒီနေ့ အပြီးလုပ်ဖြစ်မှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
မြို့နယ်နှစ်ခုလုံးက လေဘေးသင့် ပြည်သူတွေရဲ့ နေအိမ်တန်ဖိုးငွေတွေကို စာရင်းပြုနေဆဲ ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ လူနေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း စတာတွေကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့တွေ စတဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီပေးနေကြပါတယ်။
သတင်း - သန်းထိုက်မြင့်