သေဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်
DVB
·
April 17, 2018
သေဒဏ်ချမှတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) က ရဲဘော်သံချောင်း (ခ) ခွန်ကျော် ဒီကနေ့ သာယာဝတီထောင်ကနေ လွတ်မြောက်လာပါတယ်။
ဒီနေ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၇/၂၀၁၈ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းသား (၅၈) ဦး လွတ်မြောက်ရာမှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုသံချောင်း၊ ဗိုလ်မှူး ဝင်းနိုင်ကျော်နဲ့ ဦးကျော်လှိုင်တို့ ၃ ဦး ပါဝင်လွတ်မြောက်လာတာပါ။
ကိုသံချောင်းဟာ ၂၀၀၆ ခုနှစ်က တိုက်ပွဲအတွင်းဖမ်းဆီးခံခဲ့ရပြီး အဲဒီနှစ်မှာပဲ သေဒဏ် ၄ ကြိမ်နဲ့ ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ကျခံနေရသူဖြစ်ပြီး အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော် ကတော့ သေဒဏ်နဲ့ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသူတဦးဖြစ်တယ်ပါတယ်။
ဦးကျော်လှိုင်ကတော့ ရှမ်းပြည်တပ်မတော်က ဖြစ်ပါတယ်။
အလားတူ တောင်ငူအကျဉ်းထောင်ကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ အကျဉ်းသား ၅၉ ဦးနဲ့ အကျဉ်းသူ ၁ ဦး၊ စုစုပေါင်း ၆၀ ဦး လွတ်မြောက်လာပါ။
လွတ်မြောက်သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဝင်စောယာကို၊ စောမဲဒိုနဲ့ အောင်ကျော်လင်းတို့ ၃ ဦးလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ် အကျဉ်းထောင်/စခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသား/သူ ( ၈၄၉၀ ) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ - ၄၀၁ ပုဒ်မခွဲ - ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။
သတင်း - ဓာတ်ပုံ ဝဏ္ဏထွန်း၊ မေသွယ်