Home
မြန်မာသတင်း
ပိတ်မိ စစ်ဘေးသင့်ပြည်သူများကို အမြန်ဆုံး ကယ်ထုတ်ပေးရန် တောင်းဆို
ပိုင်စိုး
·
April 14, 2018
30705461_1735437196571727_2955516147706888192_n
တနိုင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ ပိတ်မိနေတဲ့ စစ်ဘေးသင့်ပြည်သူတွေကို အမြန်ဆုံး ကယ်ထုတ်ပေးဖို့ တနိုင်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်တွေ ကူညီစောင့်ရှောက်ရေးကော်မတီက ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ဧပြီလ ၁၁ ရက်ကစပြီး တနိုင်းမြို့နယ်ထဲမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လေယာဉ်နဲ့ပစ်တာတွေကြောင့် ကျေးရွာတွေထဲကို ကျည်နဲ့ ဗုံးတွေ ပေါက်ကွဲကျရောက်နေတာပါ။ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်တွေ ကူညီစောင့်ရှောက်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဆရာနော်တောင်က “အောင်လောဒ်ရွာ၊ ဆွတ်ရိန်ယန်ရွာနဲ့ ဆွတ်ရာရွာသားတွေက ကျနော်တို့ကို ဖုန်းနဲ့ ဆက်သွယ်ပြီး နေ့တိုင်း အကူအညီတောင်းလာတယ်။ သူတို့ပိတ်မိနေတာကို ကူညီဖို့ပေါ့။ အဲဒါကြောင့် ကျနော်တို့က ဝန်ကြီးချုပ်ကို စာနဲ့ပေးပို့ အကူအညီတောင်းထားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အောင်လောဒ်ရွာသားလူငယ်တယောက် တိုက်လေယာဉ်ကျည်မှန်သေဆုံးခဲ့ပြီး သူ့ရဲ့ အဖေကတော့ ဒဏ်ရာ ပြင်းထန်လို့ ဆေးကုနေရတယ်လို့ ကော်မတီရဲ့ စာမှာ ဖော်ပြထားပါတယ်။ ဒီရွာ ၃ ရွာက ရွာသား ၂၀၀၀ ကျော်ဟာ လွတ်ရာကို ထွက်ပြေးမရဘဲ ချောင်း မြောင်း တောတောင်တွေမှာ ခြေဦးတည့်ရာ ပြေးနေရတယ်လို့လည်း ဆိုပါတယ်။ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ဖို့ တနိုင်းဒေသ စစ်ဌာနချုပ် ကွပ်ကဲရေးမှူးနဲ့ တွေ့ဆုံအကူအညီတောင်းပေမယ့် သူ့အနေနဲ့ ဆုံးဖြတ်မပေးနိုင်ဘူးလို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ “ရွာသားတွေကို ကယ်ထုတ်ဖို့ ဆိုရင်တော့ တပ်ဘက်က လမ်းဖွင့်ပေးရမှာပေါ့။ ရေကြောင်းလမ်းက ထွက်လို့ရမယ်။ အခုကတော့ သူတို့မှာ စားသောက်ရေး ခက်ခဲနေပြီလို့ ပြောတယ်။ သူတို့ကို ကျနော်တို့က ဆက်သွယ်လို့ ရတာ မဟုတ်ဘူး။ သူတို့ဘက်က ဆက်သွယ်လာမှ ရတာ” လို့ ဆရာနော်တောင်က ပြောပါတယ်။ အခု အကူအညီတောင်းတဲ့ စာကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ လူကယ်ပြန် ဝန်ကြီး စတဲ့သူတွေဆီကိုလည်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024