ဘိုကလေးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ဆေးဆိုင်တွင် ဆေးဝါးတချို့ဈေးတက်
DVB
·
April 12, 2018
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကုတင် ၁၀၀ ပြည်သူဆေးရုံကြီးရှိ ဆေးဆိုင်မှာ ဆေးဝါးတချို့ ဧပြီ ၁၂ ရက်က ရုတ်တရက် ထက်ဝက်နီးပါးမြင့်တက်သွားလို့ လူနာတွေအတွက် အခက်အခဲဖြစ်နေပါတယ်။
ဧပြီ ၁၁ ရက်က Flumox တစ်ပုလင်းကို ၂၁၀၀ ကျပ်နဲ့ ဝယ်ယူရာကနေ ဧပြီ ၁၂ ရက်နေ့မှာ ငွေကျပ် ၃၀၀၀ ထိ မြင့်တက်သွားတဲ့အတွက် ဆေးရုံပြင်ပမှာ ဆရာဝန်ကိုအသိပေးပြီး ကြိုတင်ဝယ်ယူရဖို့ ရှိတယ်လို့ လူနာစောင့်တွေက ပြောပါတယ်။
ဘိုကလေးမြို့ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာတွေကတော့ ဆေးရုံမှာ သောက်ဆေးကအစ ဝယ်ယူနေရတာဖြစ်ပြီး ဂွမ်းလိပ်နဲ့ပတ်တီးပဲ အလကားရတယ်လို့ ဆိုပါတယ်။
အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ ဧပြီ ၁၀ ရက်က မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆေးဝါးတွေများလွန်းအားကြီးလို့ မသုံးတဲ့အတွက် သက်တမ်းလွန်ဖြစ်နေတဲ့ ဆေးတွေတောင်တွေ့ရပါတယ်လို့ ပြောကြားခဲ့တာရှိပါတယ်။
အဲဒီပြောဆိုမှုနဲ့ပတ်သက်လို့ ပြည်သူအကြား လူမှုမီဒီယာတွေမှာ ဝေဖန်မှုတွေ မြင့်တက် ခဲ့တဲ့အပေါ် ဒေါက်တာမြင့်ထွေးက သူ့ပြောဆိုခဲ့တာတွေဟာ ပြည့်စုံတိကျခြင်းမရှိကြောင်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆေးဝါးတွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘဲ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - စိုးမိုးအောင်