လူကယ်ပြန်ဝန်ကြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသွားရောက်
DVB
·
April 11, 2018
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ မနေ့ညနေက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ခွာသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့မှာ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ချုပ် ဒေါက်တာကိုကိုနိုင်၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ချုပ် ဦးကျော်မိုးထွန်း၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့မှ ဒေါက်တာလှထွန်း၊ ဦးသန်းလွင်နဲ့ ဦးတင်မြင့်၊ ရခိုင်ပြည်နယ်အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဆူရာကီရတ်တို့ လိုက်ပါသွားတယ်လို့ဆိုပါတယ်။
မြန်မာဝန်ကြီးနဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိပြီး ဒီခရီးစဉ်ဟာ စွန့်ခွာထွက်ပြေးလာသူတွေ နေရပ်ကို အမြန်ပြန်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မျှော်လင့်ထားပါတယ်။