ဆားလင်းကြီးမြို့နယ်တွင် ကြက်ဝိုင်းကို တိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး
Aung Ko Latt
·
April 10, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျေးပင်ထူးကျေးရွာမှာ ကြက်ဝိုင်းလောင်းကစားသူတွေကို ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဧပြီ ၈ ရက် ညနေပိုင်းက ၀င်ရောက် ဖမ်းဆီးခဲ့ပါတယ်။
ခိုင်မာတဲ့သတင်းရထားလို့ တိုင်းရဲတပ်ဖွဲ့ရဲမှူးရဲ့ ညွှန်ကြားချက်နဲ့ ရဲအင်တပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်နဲ့ သုံးတဲတောတိုက်၊ ကုက္ကိုပင်အောက် မြေကွက်လပ်မှာ ကြက်တိုက်ပွဲ လောင်းကစားလုပ်နေကြတဲ့ သူတွေကို ဝိုင်းဝန်းဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရာမှာ ကျား ၁၈ ယောက်၊ မ ၁ ယောက် စုစုပေါင်း ၁၉ ယောက်၊ ဆိုင်ကယ် ၇၇ စီး၊ မော်တော်ယာဉ် ၂စီး၊ စက်ဘီး ၃ စီး၊ ဖုန်း ၇လုံး၊ တိုက်ကြက်ဖ ၇ ကောင်နဲ့ လောင်းကစားရာမှာ အသုံးပြုတဲ့ ငွေကျပ် ၄၂၄၉၀၀ ကျပ်တို့ကို သက်သေတွေနဲ့အတူ လက်ရဖမ်းဆီးခဲ့ပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လောင်းကစားဒိုင်ပြုလုပ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ ဝင်းအောင်ဆိုသူကို ဆားလင်းကြီး မြို့နယ်ရဲစခန်းက (ပ)၆၆/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၂(က)/၁၄(က)တို့နဲ့ အမှုဖွင့်ကာ ထွက်ပြေးလွတ်မြောက်သွားသူတွေ ဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။