စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန် ဖြူးတောင်သူများ အခက်ကြုံ
DVB
·
April 7, 2018
ပြီးခဲ့တဲ့စိုက်ပျိုးရာသီက မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ မိုးစပါးတွေပျက်စီးကာ ဆောင်းသီးနှံဖြစ်တဲ့ ပဲအထွက်နှုန်းကျပြီး ဈေးကောင်းမရခဲ့တာကြောင့် ဖြူးမြို့နယ်အတွင်းက တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေကို ပြန်လည်ပေးဖို့ အခက်ကြုံနေရပါတယ်။
အဲဒါကြောင့် အခုနှစ်ဘဏ်ကို ချေးငွေပြန်ဆပ်ချိန်မှာ အတိုးကိုသာ ဆပ်ခွင့်ပြုဖို့နဲ့ ချေးယူထားတဲ့ ငွေကြေးကို နောက်နှစ်မှသာ ဆပ်ခွင့်ပြုဖို့အတွက် ပြည်ထောင်စုအစိုးရကို တင်ပြတောင်းဆိုသွားဖို့ စီစဉ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
အရင် ၂၀၁၃/၂၀၁၄ ခုနှစ်ကချေးယူထားပြီး အခုအချိန်အထိ ပြန်မဆပ်သေးတဲ့ တောင်သူတွေလည်း ရှိနေတာကြောင့် တောင်သူ ၃၀ လောက်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ မြန်မာ့လယ်ယာဖွံဖြိုးရေး ဖြူးဘဏ်ခွဲကတာဝန်ရှိသူတဦးက ပြောပါတယ်။
မိုးစပါးအတွက်စိုက်ပျိုးစရိတ် ချေးငွေကို နှစ်စဉ်မေလမှာ စတင်ချေးပေးတာဖြစ်ပြီး အရင်ကတော့ မိုးစပါးချေးငွေကို ၁ သိန်းချေးခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစတင်ပြီး ၁ သိန်းခွဲ ချေးပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဖြူးမြို့နယ်အတွင်း ၂၀၁၇ ခုနှစ် မိုးစပါးသီးနှံအတွက် ၁ ဧကကို ၁ သိန်းခွဲနှုန်းနဲ့ ဧကပေါင်း ၁ သိန်း ၅ ထောင်ကျော်ကို ချေးငွေပေးခဲ့ပါတယ်။