တိုက်ကြီးမြို့နယ်တွင် အရေခွံခွာ၊ အစွယ်ဖြတ်ခံထားရသည့် ဆင်သေတကောင်တွေ့ရှိ
DVB
·
April 4, 2018
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းအုပ်စု ဂျိုးဖြူရေလှောင်ကန် မြောက်ဖျားမှာ အရေခွံခွာ၊ အစွယ်ဖြတ်ထားခံထားရတဲ့ ဆင်သေတကောင်ကို ဧပြီ ၃ ရက် မနက်က တွေ့ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။
ဂျိုးဖြူရေလှောင်ကန် လုံခြုံရေးတာဝန်ကျ စည်ပင်ရဲစခန်း ရဲအုပ်တင်မောင်ဆွေနဲ့အဖွဲ့ လုံခြုံရေးကင်းလှည့်စဉ် လှိုင်ရိုးမတောင်ပေါ်ကြိုးဝိုင်း ၂၊ အကွက်အမှတ် ၂၃ မှာ ဆင်သေကို တွေ့ရှိခဲ့တာပါ။
သေဆုံးတဲ့ဆင်ဟာ အမဖြစ်ပြီး အမြင့် ၈ ပေ၊ လုံးပတ် ၁၂ ပေ၊ အသက် ၄၅ နှစ်ခန့်ရှိကာ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က သေဆုံးနေခဲ့တာလို့ ဆင်ဆေးကု ဦးဖြိုးသူအောင်က ခန့်မှန်းပါတယ်။ အဆိုပါဆင်ဟာ ဆင်မုဆိုးတွေသတ်လို့ သေဆုံးတာဖြစ်နိုင်ကြောင်း သက်ဆိုင်ရာကို သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆင်ကို အရေခွံခွာထားပြီး အစွယ်ဖြတ်ထားတာတွေ တွေ့ရှိရပြီး အသားတွေ ပုပ်ရိနေတာကြောင့် မီးရှို့ခဲ့ရပါတယ်။
News, Photo : MOI