ခြေလှမ်း ၁ သောင်း လမ်းလျှောက်ပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပမည်
Aung Aung Naing
·
April 3, 2018
မိမိကိုယ်ကိုယ်မိမိ စိန်ခေါ်ယှဉ်ပြိုင်ရတဲ့ ခြေလှမ်းပေါင်း ၁၀,၀၀၀ လမ်းလျှောက်ပြိုင်ပွဲ မန္တလေးမြို့မှာ ပထမဦးဆုံး ကျင်းပမှာ ဖြစ်ပါတယ်။
လာမယ့် ဧပြီ ၂၈ ရက်ကစပြီး လ တလရဲ့ နောက်ဆုံးပတ် စနေနေ့မှာ ခြေလှမ်း ၁၀,၀၀၀ ကို သုံးလ သုံးကြိမ်လျှောက်တဲ့ လမ်းလျှောက် ကမ်ပိန်း လှုပ်ရှားမှုကို ပြုလုပ်သွားမှာပါ။
မိမိကိုယ်ကိုယ် ယှဉ်ပြိုင်ရတဲ့ပွဲမျိုးဖြစ်ပြီး ပေးထားတဲ့အချိန် ၂ နာရီအတွင်း ခြေလှမ်း ၁၀,၀၀၀ ပြည့်အောင် လျှောက်ကြရမှာပါ။ ခြေလှမ်းပေါင်း ၂၀၀၀ ရောက်တဲ့နေရာတွေမှာ နားနေဖို့နဲ့အတူ နာကျင်မှုရှိတဲ့သူတွေအတွက် ဂါလီဂါအကြောပြေလိမ်းဆေး၊ ဓာတ်ဆားရည်နဲ့အတူ သူနာပြုတွေကိုလည်း စနစ်တကျစီစဉ်ထားပြီး ယာဉ်အန္တရာယ် စိတ်ချရဖို့ မန္တလေး ယာဉ်ထိန်းဌာနနဲ့အတူ မန္တလေးမြို့တော်စည်ပင်သာယာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပွဲစီစဉ်သူတဦးက “အခုလာမယ့် ဧပြီ ၁၀ ရက်နေ့ကစတင်ပြီး ဘုတ်တွေ ထောင်သွားမယ်။ ဖောင်တွေ ဖြည့်ရပါမယ်။ လူသန့်ချင်တာကြောင့် ဒီ ၃ ကြိမ်စလုံးမှာ ၅၀၀၀ သွင်းရမှာ ဖြစ်တယ်။ ကျမတို့က နက်ပြာရောင် တူညီဝတ်စုံလေးတွေ ပြန်ပေးမှာ ဖြစ်တယ်။ လျှောက်မယ့်သူတွေကို လူဦးရေ ၁၅၀၀ သတ်မှတ်ထားပြီး အဲဒီကတည်းကမှ ၃ ကြိမ်လုံး ဝင်လျှောက်မယ့်သူ ၃ ကြိမ်လုံးမှာမှ ပထမဦးဆုံး ပန်းဝင်တဲ့သူ ပထမဦးဆုံးခြေလှမ်း ၁၀၀၀၀ ပြည့်တဲ့လူ ၈၀၀ ကိုတော့ အမှတ်တရအနေနဲ့ ၁ သောင်းခွဲတန်တဲ့ ဆွဲပြားလေးတွေ ပေးသွားမှာ ဖြစ်တယ်။ နောင်နှစ်ကို တောင်ကြီးဘက်မှာ ပြုလုပ်သွားမယ်”လို့ ပြောပါတယ်။
ပြိုင်ပွဲဝင်တွေဟာ မန္တလေး စည်ပင်သာယာရုံးရှေ့ကနေ မနက် ၅ နာရီမှာ စတင်တာထွက်ပြီး ကျုံးတပတ် ပတ်ကာ ကျုံးအရှေ့ဘက် ၆၆ လမ်း ၁၉ လမ်းအကျော်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။