ဘုတလင်မြို့တွင် သမ္မတသစ်ဦးဝင်းမြင့် ကြိုဆိုထောက်ခံပွဲပြုလုပ်
Aung Ko Latt
·
April 3, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံပွဲနဲ့ အတူ အအေး စတုဒိသာကျွေးမွေးပွဲကို ဧပြီ ၃ ရက် မနက်ပိုင်းက ပြုလုပ်ပါတယ်။
ဘုတလင်မြို့ခံ ဦးကျော်အောင်က “ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ပြည်သူတွေနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပူးပေါင်းပြီး အခုလို ထောက်ခံပွဲပြုလုပ်တာပါ။ သမ္မတသစ်ကြီးကို တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ကျန်တဲ့ ၃ နှစ်တာကာလအတွင်း ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။"လို့ ပြောပါတယ်။
သမ္မတသစ် ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို ရှေ့နေတယောက် ဖြစ်နေတာကြောင့် အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေးအပိုင်းမှာ အားစိုက် လုပ်ကိုင်လာနိုင်မယ်လို့ ပြည်သူတွေကတော့ မျှော်လင့်ထားကြပါတယ်။