သေဆုံးသူ FDA ဝန်ထမ်း၏ ခန္ဓာကိုယ်တွင် အမျိုးသားသုက်ပိုးမတွေ့ဟု မှုခင်းဆရာဝန် ထွက်ဆို
DVB
·
April 2, 2018
FDA ဝန်ထမ်း အမျိုးသမီးအသတ်ခံရမှုမှာ သေဆုံးသူရဲ့ ခန္ဓာကိုယ်အတွင်း အမျိုးသားသုက်ပိုး မတွေ့ရှိရဘူးလို့ ဧပြီ ၂ ရက် ရုံးချိန်းမှာ မှုခင်းဆရာဝန်က ထွက်ဆိုလိုက်ပါတယ်။
သေဆုံးသူ မရွှေရည်ဝင်းကို ရင်ခွဲစစ်ဆေးချက်တွေနဲ့ မိန်းမကိုယ်အတွင်းပိုင်းကို မှန်ပြား စစ်ဆေးမှု လုပ်ရာမှာ မိန်းမကိုယ်အရှေ့ဘက်ရော စအိုမှာပါ လတ်တလော ထိုးသွင်းဒဏ်ရာတွေ တွေ့ရှိပေမယ့် အမျိုးသားသုက်ပိုး မတွေ့ရှိဘူးလို့ မြောက်ဥက္ကလာပဆေးရုံ ဆရာဝန်ကြီး ဦးထွန်းမင်းထွန်းက ထွက်ဆိုလိုက်တာပါ။
မရွှေရည်ဝင်း သေဆုံးမှုဟာ အဓိက လည်ပင်းထိုးသွင်းဒဏ်ရာနဲ့ ညှစ်အားတွေကြောင့် ဖြစ်တယ်လို့ ဆေးစစ်ချက်တွေအရ ထွက်ဆိုပါတယ်။
ဒါ့အပြင် တရားစွဲဆိုခံထားရတဲ့ မျိုးဇော်ဦးရဲ့ အမျိုးသား လိင်အင်္ဂါကို စစ်ဆေးရာမှာ လိင်အင်္ဂါ ဒဏ်ရာမရှိကြောင်း။ ထိုးသွင်းထားခြင်း ရှိ၊ မရှိကိုတော့ ဆေးပညာအရ တပ်အပ်မပြောနိုင်ကြောင်း ထွက်ဆိုပါတယ်။
မှုခင်းဆရာဝန်ကြီးရဲ့ စစ်ချက်တွေကို မြောက်ဥက္ကလာပဆေးရုံက ဆရာဝန်ကြီးကတဆင့် သက်သေလာရောက်ထွက်ဆိုပေးခဲ့တာဖြစ်ပြီး စစ်ဆေးချက်တွေအားလုံးအရ သေနိုင်လောက်တဲ့ ဒဏ်ရာဟာ လည်ပင်းထိုးသွင်းဒဏ်ရာဖြစ်ပြီး အမျိုးသမီး အရှေ့အင်္ဂါရော အနောက်စအိုမှာပါ ထိုးသွင်းဒဏ်ရာ၊ သွေးထွက်ဒဏ်ရာ ရှိနေပေမယ့် အမျိုးသားသုက်ပိုး မတွေ့တဲ့အတွက် ဆေးပညာအရ သားမယားပြုကျင့်ခြင်း မပြုကျင့်ခြင်းအပေါ် မသုံးသပ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီလို ထိုးသွင်းဒဏ်ရာရှိပေမယ့် အမျိုးသားသုက်ပိုး ခန္ဓာကိုယ်မှာ မတွေ့တဲ့အတွက် ယာဉ်မောင်း မျိုးဇော်ဦးကို စွဲဆိုထားတဲ့ ပုဒ်မတွေ လျော့ကျသွားနိုင်တယ်လို့ တရားခံရှေ့နေက ဆိုပါတယ်။
“အခု အဓိကတိုက်နေတာတော့ ပုဒ်မ ၃၇၆ နဲ့ ၃၇၇ ပေါ့။ ဒါတွေက အခုလည်း အထင်အရှားမပေါ်တော့ အမှုအလားအလာ သူ့အတွက် ကောင်းသွားတာပေါ့။ ပုဒ်မ ၃၀၂ ကတော့ သေချာပါတယ်။ သေနိုင်လောက်တဲ့ ဒဏ်ရာ ဖြစ်တယ်။ ကျနော်က တရားခံရှေ့နေ ဖြစ်ပေမယ့် မရွှေရည်ဝင်းအတွက် တရားမျှတမှုကို လိုလားပါတယ်" လို့ တရားခံရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။
မျိုးဇော်ဦး(ခ)ဆီဒိုးနားကို ရာဇဝတ်မှုပုဒ်မ ၃၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာပဲ ဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းမှာ မျိုးဇော်ဦးအတွက် တရားခံပြသက်သေ တင်နိုင်ဖို့လည်း ကြိုးစား ရှာဖွေနေတယ်လို့ သိရပါတယ်။