FDA ဝန်ထမ်းအမျိုးသမီး မုဒိမ်းကျင့်အသတ်ခံရမှု သက်သေမပြနိုင်သေးဟု တရားခံရှေ့နေပြော
DVB
·
March 26, 2018
FDA က ဝန်ထမ်းအမျိုးသမီးအသတ်ခံရမှုနဲ့ပတ်သက်ပြီး အခုအချိန်အထိ ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့ မျိုးဇော်ဦး (ခ) ဆီဒိုးနားဟာ မုဒိမ်းကျင့်ခဲ့တယ်ဆိုပြီး သက်သေပြနိုင်ခြင်း မရှိသေးဘူးလို့ တရားခံ ရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။
"ဆေးစစ်ချက်ကသိပ်မခိုင်မာဘူး။ မျိုးဇော်ဦး အဓမ္မပြုကျင့်ထားတယ်လို့ အခုထိပြောလို့ မရသေးဘူး။ လက္ခဏာလည်း မတွေ့ရဘူး။ လည်ပင်းဒဏ်ရာကတော့ ထင်ရှားတယ်။ ဓာတုဗေဒ မှုခင်းဆရာဝန်တွေစစ်မှ သေချာပြောလို့ ရမယ်။ ဥပမာပြောရရင် မျိုးဇော်ဦးလိင်အင်္ဂါမှာ ဒဏ်ရာ မရှိဘူး၊ သုတ်ပိုးမတွေ့ရဘူး။ အခုချိန်ထိပြောလို့ရတော့ သူမုဒိမ်းမှု ကျူးလွန်ထားတယ်ဆိုတာ လုံးဝမတွေ့ရဘူး"လို့ ရှေ့နေဦးမောင်မောင်စိုးက ပြောပါတယ်။
မျိုးဇော်ဦး (ခ) ဆီဒိုးနားအတွက် တရားခံပြသက်သေတဦးရပြီလို့လည်း အစိုးရရှေ့နေ ဦးမောင်မောင်စိုးက မတ်လ ၂၆ ရက်နေ့ ရုံးချိန်းမှာပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားခံပြသက်သေရှာဖွေတဲ့နေရာမှာ အရင်ရုံးချိန်းတွေမှာ တယောက်မှ မရရှိခဲ့တဲ့အပြင် တရားစွဲခံထားရတဲ့ မျိုဇော်ဦးရဲ့ဇနီးကလည်း တခြားမြို့ကို ပြောင်းရွှေ့သွားပြီလို့ ဆိုပါတယ်။
အခုတင်သွင်းပြီး လာရောက်ထွက်ဆိုမယ့် တရားခံပြသက်သေဟာ မျိုးဇော်ဦး (ခ) ဆီဒိုနား ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးဖြစ်ပါတယ်။
အစိုးရရှေ့နေ ဦးမောင်မောင်စိုးက "မရွှေရည်ဝင်း အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး မရွှေရည်ဝင်းဘက်က သက်သေ ၃၅ ဦး တင်သွင်းထားပါတယ်။ မျိုးဇော်ဦးဘက်ကတော့ တယောက်မှ မတင်နိုင်ဘူး။ လိုက်ပေးမယ့် လူလည်း မရှိတော့ သူနေတဲ့ရပ်ကွက်ထဲ သွားပြီး ရှာကြည့်တော့ သူ့ဦးလေး တယောက်လိုက်ပေးမယ် ပြောတယ်။ သူက ဆိုက်ကားနင်းတယ် သေတော့ မသေချာသေးဘူး။ သင်္ကြန်မှာ ဘုန်းကြီးဝတ်ပြီးရင် လာမယ်တော့ပြောတယ်" လို့ ပြောပါတယ်။
ဒီနေ့ ရုံးချိန်းမှာတော့ မရွေရည်ဝင်းမသေဆုံးခင်က နောက်ဆုံးဆက်သွယ်ခဲ့တဲ့ ငယ်သူငယ်ချင်းနဲ့ မရွှေရည်ဝင်းရဲ့ အမျိုးသားမိတ်ဆွေနဲ့အတူ အငှားယာဉ်မောင်း မျိုးဇော်ဦး မောင်းခဲ့တဲ့ တက်စီအုံနာတို့ကို စစ်ဆေးခဲ့တာပါ။
မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ရာဇဝတ်မှုပုဒ်မ ၃၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆို ထားတာပဲ ဖြစ်ပါတယ်။
မရွှေရည်ဝင်း အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားလိုဘက်ကရော တရားခံ ဘက်ရော အစိုးရရှေ့နေတွေသာ လိုက်ပါဆောင်ရွက်တာဖြစ်ပေမယ့် မရွှေရည်ဝင်းဘက်က အစိုးရရှေ့နေကတော့ အမှုစစ်ဆေးတဲ့ရုံးချိန်းတလျောက် မီဒီယာကို အင်တာဗျူးဖြေဆိုခြင်းလုံးဝ မရှိပဲငြင်းဆိုခဲ့ပါတယ်။
ဒီအမှုမှာ တရားလိုပြသက်သေ ၂၆ ဦးကို စစ်ဆေးပြီးသွားပြီဖြစ်ပြီး၊ နောက်ထပ် တရားလိုပြသက်သေ ၉ ဦးနဲ့ တရားခံသက်သေ ၁ ဦးကို စစ်ဆေးဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ နောက်လာမယ့် ရုံးချိန်းကိုတော့ ဧပြီ ၂ ရက်နေ့မှာ စစ်ဆေးသွားမှာပါတယ်။
နောက်ရုံးချိန်းတွေမှာ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်တွေနဲ့ အတူ အမှုစစ်အရာရှိအပါဝင် သက်သေ ၉ ဦးသာ စစ်ဆေးဖို့ ကျန်တော့တဲ့အတွက် သင်္ကြန်အပြီးမှာ အပြီးသတ်အမိန့် ချနိုင်မယ်လို့ သိရပါတယ်။