မြင်းခြံတွင် CP ပြောင်းဆံ ဈေးကောင်းရရှိနေ
DVB
·
March 23, 2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ CP ပြောင်းဆန် စိုက်ပျိုးကြတဲ့ တောင်သူအများစုဟာ ဒီနှစ် CP ပြောင်းဆံ ထွက်ရှိချိန်ကစပြီး ဈေးကောင်း ရရှိနေတယ်လို့ မြင်းခြံ ကုန်စည်ဒိုင်က ပြောပါတယ်။
မြင်းခြံ ကုန်စည်ဒိုင်မှ အမှုဆောင်ဖြစ်တဲ့ ဦးဝင်းမောင်က “ဒီနှစ် CP ပြောင်း စိုက်ပျိုးတဲ့ တောင်သူတွေ သီးနှံစပေါ်ကတည်းက ဈေးကောင်းရရှိကြတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက ရွာသွန်းတဲ့ မိုးကြောင့် CP ပြောင်းစိုက်ပျိုးတဲ့ တောင်သူတွေက ရေသွင်းဖို့အတွက် သက်သာသွားခဲ့ပြီး အပင်ဖြစ်ထွန်းမှု ပိုကောင်းလာကြတယ်။ မြင်းခြံမြို့နယ်က CP ပြောင်းဆံ အဓိက ထွက်ရှိတဲ့ဒေသလို့လဲ ပြောလို့ရပါတယ်။ မြင်းခြံမြို့နယ်က ထွက်ရှိတဲ့ CP ပြောင်းဆံက ခြောက်သွေ့ပြီး မှိုတက်တာမျိုးမရှိတဲ့အတွက် အရည်အသွေးပိုင်းမှာလည်း စိတ်ချရပါတယ်။ ပြီးတော့ တောင်သူတွေအတွက်လည်း အကျိုးရှိတဲ့နှစ်လို့ ပြောလို့ရပါတယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။
မြင်းခြံမြို့နယ်မှ ထွက်ရှိတဲ့ CP ပြောင်းဆံများကို မန္တလေးမြို့ရှိ ကြက်စာစပ် စက်ရုံတွေနဲ့ တရုတ်ပြည်ဘတ်ကိုတင်ပို့ ရောင်းချရပြီး ဒီနှစ် CP ပြောင်း စတင်ပေါ်ချိန်ကစပြီး အမြင့်ဈေးနှုန်း ဖြစ်နေတာကြောင့် ဝယ်လက်တချို့ ဝေဖန်မှုတွေရှိနေပြီး ပြည်ပမှ CP ပြောင်းဆံတွေ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာစေဖို့ ဝယ်လက်တွေက ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။
“ပြည်ပမှ ဝင်ရောက်လာမယ်ဆိုရင် ကျနော်တို့ ပြောင်းဆံအသင်းက ကန့်ကွက်သွားမှာပါ။ CP ပြောင်းစပေါ်တဲ့ အချိန် ခုလို ဈေးနှုန်းအမြင့် ဖြစ်တာက ၄ နှစ်မှ တကြိမ်လောက် ဖြစ်တာပါ။ တောင်သူတွေအတွက်လည်း အခွင့်အရေးပေးရပါမယ်” လို့ သူက ဆက်ပြီး ပြောဆိုပါတယ်။
နတ်ညွန်းကျေးရွာ မှ CP ပြောင်း စိုက်ပျိုးတဲ့ ဦးဇော်ဇော်အောင်က “ဒီနှစ်က သီးနှံ စပေါ်ကတည်းက ဈေးနှုန်းက မဆိုးဘူးပြောလို့ ရပါတယ်။ တောင်သူတွေအတွက်လည်း ကိုက်ညီမှု ရှိတာပေါ့။ CP ပြောင်း ၁ ဧကကို စိုက်ပျိုးစရိတ် ၄ သိန်းလောက်ကုန်ကျပါတယ်။ ၁ ဧက စိုက်ပျိုးရင် CP ပြောင်းဆံ ပိဿာ ၁၆၀၀ မှ ၂၁၀၀ လောက်ထိ ထွက်ရှိတော့ ခု ဈေးနှုန်းနဲ့ဆို တောင်သူတွေ အဆင်ပြေကြတာပေါ့။ ဒီလိုဈေးနှုန်းကလည်း အမြဲမဖြစ်ပါဘူး။ ၄ နှစ်မှ တကြိမ်လောက် ဖြစ်တာပါလို့ ပြောပါတယ်။
မြင်းခြံမြို့နယ်ရှိ CP ပြောင်း စိုက်ပျိုးတဲ့ တောင်သူတွေဟာ ၂၀၁၆ မှာ ဧရာဝတီ မြစ်ရေတက်ရောက်မှုကြောင့် ဆုံးရှုံးမှုများရှိခဲ့ပြီး ၂၀၁၇ မှာ CP ပြောင်းဆံ စပေါ်ချိန်က အဖွင့်ဈေးနှုန်း ၁ ပိဿာ ၂၈၀ ကျပ်နှုန်းသာ ရောင်းချခဲ့ရတာပါ။ ၂၀၁၈ CP ပြောင်းဆံ စပေါ်ချိန်မှစပြီး အဖွင့်ဈေးနှုန်းက ၁ ပိဿာ ၅၈၀ မှ ၆၀၀ ကျပ်နဲ့ ရောင်းချရတာလည်း ဖြစ်ပါတယ်။
မြင်းခြံမြို့ ကုန်စည်ဒိုင်မှာ နေ့စဉ် CP ပြောင်းဆံ ပိသာ ၃၀ ပါ အိတ်ရေ ၆၀၀၀ လောက် နေ့စဉ် ဝင်ရောက်မှု ရှိနေတယ်လို့ မြင်းခြံ ကုန်စည်ဒိုင်က သိရပါတယ်။
မြင်းခြံမြို့နယ်အတွင်းမှာ သီနှံမျိုးစုံ စိုက်ပျိုးပြီး ပြောင်းကိုတော့ ဧရာဝတီမြစ်ရေ၀င်တဲ့ အရပ်ဒေသတွေမှာ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
သတင်း-ရီရီထွန်း (မြင်းခြံ)