သက်ငယ်မုဒိန်းမှု ကြီးလေးသည့်ပြစ်ဒဏ်ပေးရန် ပုသိမ်မြို့၌ တက်ကြွလှုပ်ရှားသူများတောင်းဆို
သော်ဇင်မျိုး
·
March 18, 2018
သက်ငယ်မုဒိန်းမှုပပျောက်ရေးနဲ့ ကြီးလေးတဲ့ပြစ်ဒဏ်ပေးရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုကို ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မှာ မတ်လ ၁၇ ရက်က ပြုလုပ်သွားပါတယ်။
သက်ငယ်မုဒိန်းမှုဖြစ်ပွားနှုန်း အများဆုံးဖြစ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ သက်ငယ်မုဒိန်းမှုတွေ လျော့ကျစေဖို့နဲ့ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်စေနိုင်ဖို့ကို အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာနဲ့ ဓာတ်ပုံကမ်ပိန်းတွေလုပ်ဆောင် ပြီး တက်နိုင်သလောက် ဆောင်ရွက်တာဖြစ်တယ်လို့ အွန်လိုင်းပရဟိတ Family အဖွဲ့က ကိုအောင်နိုင်မိုးကပြောပါတယ်။
သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို သေဒဏ်လို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးသင့်ပြီး ကလေးငယ်တွေကိုလည်း အသိပညာပေးတာတွေများများ လုပ်သင့်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ မချစ်ဖူးငုံကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ သက်ငယ်မုဒိန်းမှုဖြစ်ပွားမှုဟာ ၂၀၁၆ ခုနှစ်နဲ့ယှဉ်ရင် ၂၀၁၇ ခုနှစ်မှာ ၆၅ မှုတိုးလာပြီး တစ်နိုင်ငံလုံးမှာအဖြစ်အများဆုံးပါ။
မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမှုတွေ များပြားလာနေတာနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့နဲ့ မုဒိန်းမှုတွေရပ်တန့်ပပျောက်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့ ပြုလုပ်နေကြတာဖြစ်ပြီး ပုသိမ်မြို့က လှုပ်ရှားမှုမှာတော့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဧရာဝတီတိုင်းအတွင်း ပုသိမ်မှာလှုပ်ရှားမှုပြုလုပ်ပြီးတဲ့နောက် မြောင်းမြနဲ့ လပွတ္တာမြို့တွေမှာလည်း ဆက်လက် ပြုလုပ်သွားဖို့ရှိပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့လည်း ကျေးလက်ဒေသတွေနဲ့ လေလွင့်ကလေးတွေ နေထိုင်တဲ့နေရာတွေကို သွားရောက် အသိပညာပေးတွေ ပြုလုပ်သွားမယ်လို့ ပုသိမ်မြို့ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ပုသိမ်က ဦးနိုင်ကြီးကပြောပါတယ်။