ကလောမြို့တွင် ငွေကျပ် သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 17, 2018
ကလောမြို့ နေရာ ၂ ခုကနေ ငွေကျပ် သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
မတ် ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက် မူးယစ်တပ်ဖွဲ့စု ၂၅ တောင်ကြီးမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်သွားကားလမ်းမှာ မိုးမြင့်နိုင် မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရှာဖွေရာမှာ ဘိန်းစိမ်း ၄ ဒသမ ၅ ကီလိုကို ဖမ်းမိခဲ့တယ်။
အလားတူ ည ၁၀ နာရီအချိန်လောက်မှာလည်း ကလောမြို့အထွက် သာစည်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ကို ရှာဖွေရာ ခရီးသည် ခွန်ချစ်စိန် နှင့် ကျော်စော(ခ)မောင်တုံး တို့ အပ်နှံထားတဲ့ ဆာလာအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ပြားနဲ့ လက်ကိုင်ဖုန်း နှစ်လုံးတို့ကို ဖမ်းဆီးမိခဲ့တယ်၊ ဖမ်းဆီးမှုနှစ်ခု စုစုပေါင်း ငွေကျပ် ၄,၀၂၇ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
မိုးမြင့်နိုင်၊ ခွန်ချစ်စိန်နဲ့ ကျော်စော(ခ) မောင်တုံး (၃၅ နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။