ဝင်ကြေးတိုးမြင့်မှုကြောင့် ရွှေတိဂုံဘုရားကို နိုင်ငံခြားသားအဝင် လျော့နည်းဟု ဂေါပကပြော
သူဇာလင်း
·
March 16, 2018
ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသားဝင်ခွင့် အခကြေးငွေ တိုးမြှင့် ကောက်ခံခဲ့တာကြောင့် ခရီးသွား ဧည့်သည် လာရောက်လည်ပတ်တာ လျော့နည်းသွားတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
ရွှေတိဂုံစေတီတော်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားတဦးရဲ့ ဝင်ကြေးကို အရင်က ငွေကျပ် ၈၀၀၀ ကောက်ခံခဲ့ရာက ၂၀၁၇ ဒီဇင်ဘာ ၁ ရက်က စပြီး ငွေ ၁ သောင်းကျပ် ပြောင်းလဲကောက်ခံခဲ့တာကြောင့် ပွင့်လင်းရာသီ ဖြစ်ပေမယ့်လည်း ခရီသွားဧည့်သည် ဝင်ရောက်လာမှု နည်းသွားတာ ဖြစ်နိုင်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။
“ပြန်အမ်းငွေက အဓိကကျပါတယ်။ ၈၀၀၀ ကောက်တဲ့အခါ ၁ သောင်းတန်တို့၊ ၅ ထောင်တန်တို့ ပေးတဲ့အခါမှာ ကျနော်တို့က ငွေပြန်အမ်းရတယ်။ ဝန်ထမ်းတွေက ငွေမကိုင်ထားဘူးပေါ့နော်။ နိုင်ငံခြားသားက ပေးတဲ့ငွေကို တခါတည်း အလှူခံပုံးထဲမှာ ထည့်ဖို့ ကျနော်တို့က စီစဉ်ထားတာဖြစ်တဲ့အတွက် ပြန်အမ်းငွေတွေနဲ့ ရှုပ်နေတာပေါ့။ စောင့်ကြည့်ရတာလည်း ခက်တဲ့အတွက် ၁ သောင်း ပြောင်းကောက်ဖို့အတွက် ကျနော်တို့က တင်ပြလိုက်တာပါ။ တိုးကောက်လိုက်တဲ့အတွက် အနည်းငယ် လျော့သွားတယ်လို့ ယူဆပါတယ်။”
ရွှေတိဂုံကို နေ့စဉ် လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေထဲမှာ ထိုင်းနိုင်ငံက အများဆုံးဖြစ်ပြီး ကိုရီးယား၊ တရုတ်၊ ဂျပန်၊ တောင်အာဖရိကနဲ့ နယ်သာလန် စတဲ့ နိုင်ငံတို့က ခရီးသွားတွေလည်း လာရောက်လေ့ရှိပါတယ်။
ထိုင်းအမျိုးသမီး Chochan က “ကျမ ရွှေတိဂုံဘုရားကို အင်တာနက်မှာ ရှာတွေ့တာပါ။ အရမ်းကြည်ညိုစရာကောင်းလို့ ကျမ အခုလာဖူးတာပါ။ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ” လို့ ပြောပါတယ်။
၂၀၁၇ ဇန်နဝါရီ တလအတွင်း ခရီးသွားပေါင်း ၇၈၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ရာမှာ ၂၀၁၈ ဇန်နဝါရီလမှာ ၇၀၃၀၀ လောက်ကျဆင်းခဲ့ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီမှာလည်း အယောက် ၇၇၀၀၀ ရှိခဲ့ပေမယ့် အခုနှစ် ဖေဖော်ဝါရီလမှာတော့ အယောက် ၆၈၀၀၀ သာ လာရောက်တယ်လို့ ဂေါပက စာရင်းအရ သိရပါတယ်။