FDA ၀န်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေး
DVB
·
March 12, 2018
FDA ၀န်ထမ်းအမျိုးသမီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၅ ဦးကို မတ်လ ၁၂ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးပါတယ်။
တရားလိုပြ သက်သေ ၅ ဦးမှာ အသတ်ခံရသူ မရွှေရည်ဝင်းရဲ့မိဘ ၂ ပါးနဲ့အတူ တရားခံအငှားယာဉ်မောင်းမျိုးဇော်ဦးရဲ့ ရပ်ကွက်ထဲက သက်သေနှစ်ဦးနဲ့ တယ်လီဖုန်းဆိုင်က သက်သေတစ်ဦးတို့ ပါဝင်ပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေတွေကို စစ်ဆေးတဲ့နေရာမှာ တရားခံဘက်က လိုက်ပါဆောင်ရွက်ရတဲ့ ရှေ့နေအနေနဲ့ မရွေရည်ဦးရဲ့မိဘနစ်ပါးကို စစ်ဆေးမေးမြန်းတဲ့နေရာမှာ အခက်ခဲရှိခဲ့တယ်လို့ တရားလိုဘက်ကလိုက်ပါဆောင်ရွက်ရတဲ့ အစိုးရရှေ့နေ ဦးမောင်မောင်စိုး က ပြောပါတယ်။
“ကျနော် ဒီနေ့ သူတို့ကိုမေးရတာ အရမ်းကိုယ်ချင်းစာမိလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ဦးသန့်တုန်းကလည်း သူမှန်တယ်ထင်လို့ လုပ်တဲ့အပေါ်မှာ အကောင်းဆုံး လုပ်ဆောင်သွား သလိုပဲ အခုအခြေအနေကို ကျနော်လုပ်ဆောင်သွားမှာပါ။”
ဒီနေ့ မေးမြန်းမှုတွေ၊ သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး တရားလိုရှေ့နေ ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖြေကြားမပေးနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
မိသားစုတွေကတော့ ဘာမှမှတ်ချက်မပေးချင်ပေမယ့် အမှုရဲ့ အဆုံးသတ် နောက်ဆုံးအဖြေ အမိန့်ချတဲ့အပေါ်ကိုပဲ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့ မျိုးဇော်ဦး (ခ) ဆီဒိုးနားဟာ ငွေကြေးတက်နိုင်မှုမရှိတာကြောင့် အစိုးရရှေ့နေက အမှုကို လိုက်ပါဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့သူကို ရာဇဝတ်မှုပုဒ်မ ၂၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီအမှုမှာ သက်သေ ၃၅ ဦးကို စစ်ဆေးသွားမယ်လို့ သိရပြီး လာမယ့် ၁၅ ရက်နေ့မှာအမှုကို ထပ်မံစစ်ဆေးသွားမှာပဲ ဖြစ်ပါတယ်။