ညောင်လေးပင်တွင် ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ၂ ဦး သေ
DVB
·
March 12, 2018
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ မတ်လ ၁၁ ရက် ညနေပိုင်းက ၁၀ ဘီးကား ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်ပေါ်ပါလာသူ ၂ ဦးသေဆုံးခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်း သရက်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၁၀၂/၄ အနီးမှာ ရန်ကုန်ကနေ မန္တလေးဘက်ကို အေးမင်းထွန်းမောင်းနှင်လာတဲ့ ၁၀ ဘီးကားက လားရာတူမှ အုပ်စိုးသူ မောင်းနှင်ပြီး နောက်တွင် မနှင်းဝေဦး စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်က ၀င်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ဒုရဲမှူး ဌေးဝင်းက “၁၀ဘီးဘောက်ဆာယာဉ်ကအရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဆိုင်ကယ်ကို တိုက်မိသွားတယ်။ တိုက်မိတဲ့အရှိန်ကြောင့် ဆိုင်ကယ်ကရှေ့ကမောင်းနေတဲ့ လားရာတူ ၆ ဘီးယာဉ် နောက်ပိုင်းကို ထက်တိုက်မိသွားတယ်။ အဲဒါကို ဘောက်ဆာယာဉ်က နောက်တကြိမ် အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဆိုင်ကယ်ကို ထက်တိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အုပ်စိုးသူနဲ့ နောက်ကထိုင်စီးသူ မနှင်းဦးဝေတို့မှာ ဦးခေါင်းကွဲဒဏ်ရာ၊ ခါးရိုးကျိုးဒဏ်ရာနဲ့ ခန္ဓာကိုယ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာတို့ ရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ညောင်လေးပင် မြို့မစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ အေးမင်းထွန်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်