ကန့်ဘလူတွင် ယာဉ်တိမ်းမှောက် မီးလောင်မှုကြောင့် ၁ ဦး သေဆုံး၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
February 16, 2018
ကန့်ဘလူမြို့နယ်၊ မြစ်ကြီးနား-ရွှေဘိုလမ်း ယာဉ်တိမ်းမှောက် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်က ကန့်ဘလူမြို့နယ် မြစ်ကြီးနား-ရွှေဘို မဟာဗျူဟာကားလမ်း မိုင်တိုင် (၂၈/၄-၅) ကြားမှာ ပြည့်စုံအောင် မောင်းနှင်ပြီး လူ ၁၀ ဦး လိုက်ပါလာတဲ့ MDY 8D-×××× လိုက်ထရပ်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ကို တိမ်းမှောက်မီးလောင်ခဲ့တာပါ။
ယာဉ်ပေါ်လိုက်ပါလာတဲ့ ဒေါ်လှရီတွင် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်၊ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြည့်စုံအောင်အား နမစ (ဇီးကုန်း) ယာဉ် (ပ) ၉/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု/မီးပေါ့ဆမှု) တို့နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး