၈၈ မျိုးဆက်များ ပွင့်လင်းလူအဖွဲ့အစည်းအတွက် ထားဝယ်သွားမည်
DVB
·
May 14, 2012
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်း ခရီးစဉ်အတွက် မနက်ဖြန် တနင်္သာရီတိုင်း ထားဝယ်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း ခရီးစဉ်အတွက် နိုင်ငံတဝှမ်း လှည့်လည်ပြီး လူထုတွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေလုပ်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မြန်မာပြည်တောင်ဘက်စွန်းက ထားဝယ်မြို့ကို မနက်ဖြန် သွားရောက်ဖို့ စီစဉ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုက ပြောပါတယ်။
“ထားဝယ်ကို ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်တွေမှာ သွားမယ်။ ထားဝယ်မြို့လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့မယ်။ နောက် ထားဝယ်မှာရှိတဲ့ တချို့ တည်ဆောက်နေတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ နေရာဒေသတွေကိုလည်း ကျနော်တို့နဲ့ သွားကြည့်ဖို့လည်း ဒေသခံတွေနဲ့ စီစဉ်ထားတာရှိတယ်။ ရောက်တဲ့အခါမှာ လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့မယ်။ အရပ်ဘက်လူ့အဖွဲ့အစည်း ပွင့်လင်းမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ သူတို့နဲ့ ဆွေးနွေးမယ်။ ဒေသတွင်းက လူတွေရဲ့ ပြောချင်နေတဲ့ဆန္ဒတွေ၊ ဆုံးရှုံးနစ်နာနေတဲ့ ကိစ္စတွေကိုလည်း ကျနော်တို့ နားထောင်မှာပါ။ သူတို့နဲ့ တတ်နိုင်သလောက် အချိန်ရရင် ရသလို အပြန်အလှန်ဆွေးနွေးတာတွေ လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။”
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အနီးပတ်ဝန်းကျင်က တည်ဆောက်နေတဲ့ စက်မှုဇုန်ကိုလည်း သွားရောက်ဖြစ်မယ်လို့ ကိုပြုံးချိုက ပြောပါတယ်။
ထားဝယ်ခရီးစဉ်အတွင်းမှာလည်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးသွားမယ်လို့ ကိုပြုံးချိုက ပြောပါတယ်။
“အခုသွားနေတဲ့ ခရီးစဉ်တွေအားလုံးက ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းစဉ်အောက်မှာပဲသွားနေကြတယ်။ ဒါဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်နေတဲ့ လုပ်ငန်းစဉ်တလျှောက်လုံးမှာ ဒီမူတွေနဲ့ပဲ ကျနော်တို့ ခရီးစဉ်တွေ ဆက်သွားဖို့ ရှိပါတယ်။ အဲ့ခေါင်းစဉ်အရ ပတ်သက်တဲ့ ကိစ္စတွေအားလုံးကို ဆွေးနွေးသွားမှာ ဖြစ်တယ်။”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဇန်နဝါရီ ၁၃ ရက် အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာပြီးကတည်းက ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းအတွက် မြန်မာနိုင်ငံက ဒေသတွေကို သွားရောက်ပြီး ဆွေး နွေးခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းအပတ်ကုန်ကလည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကို သွားရောက်ခဲ့ပါတယ်။