Homeမြန်မာသတင်း
ချစ်သူများနေ့၌ ပုသိမ်မြို့ တည်းခိုခန်းများတွင် အသက်မပြည့်သူများ တည်းခိုမှု ရှိ၊ မရှိ စစ်ဆေး
ချစ်သူများနေ့၌ ပုသိမ်မြို့ တည်းခိုခန်းများတွင် အသက်မပြည့်သူများ တည်းခိုမှု ရှိ၊ မရှိ စစ်ဆေး
DVB
·
February 14, 2018
ပုသိမ်မြို့မှာ ဖွင့်လှစ်ထားတဲ့ တည်းခိုခန်းနဲ့ ဟိုတယ်တွေမှာ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ ကာလအတွင်း အချိန်ပိုင်းတည်းခိုတဲ့ အသက်မပြည့်တဲ့ မိန်းကလေးငယ်တွေ ရှိ၊ မရှိ သက်ဆိုင်ရာက လိုက်လံစစ်ဆေး အသိပညာပေးခဲ့ပါတယ်။
ပုသိမ်မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပါဝင်ပြီး စစ်ဆေးခဲ့တာလို့ လိုက်လံစစ်ဆေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပုသိမ်မြို့မရဲစခန်း ရဲအုပ်ထွန်းမြင့်နိုင်က “ဒီနေ့ ချစ်သူများနေ့ ဖြစ်တဲ့အတွက် ပုသိမ်မြို့ပေါ်က တည်းခိုခန်းတွေ ဟိုတယ်တွေကို လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ လာရောက်တည်းခိုတဲ့ အမျိုးသမီး၊ အမျိုးသားတွေကို အသက်ပြည့်၊ မပြည့် စစ်ဆေးပါတယ်။ တည်းခိုခန်း မန်နေဂျာတွေ၊ ဝန်ထမ်းတွေကိုလည်း ၁၆ နှစ်အောက် တည်းခိုသူတွေကို အသိပညာပေးပြီး ပြောဆိုစေလွှတ်ဖို့နဲ့ လက်ရှိတည်းခိုခန်းမှာ တည်းခိုသူတွေကိုလည်း လိုက်လံ စစ်ဆေးခဲ့ပါတယ်”လို့ ပြောပါတယ်။
စစ်ဆေးရာမှာတော့ တည်းခိုခန်းတွေဟာ တရားဝင်လိုင်စင်ရှိ မရှိ စည်းကမ်းနဲ့ညီ မညီ စတာတွေပါဝင်ပြီး ချစ်သူများနေ့ဖြစ်တဲ့အတွက်လည်း မလိုလားအပ်တဲ့ ပြစ်မူတွေ မဖြစ်အောင် အသိပညာပေးတာဖြစ်ပြီး လက်ရှိတည်းခိုခန်းတွေ စည်းမျဉ်း စည်းကမ်းတွေလိုက်နာဖို့ လိုက်လံစစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၄၀ နီးပါးဖွင့်လှစ်ထားပြီး အများစုကတော့ ပုသိမ်မြို့တွင်းလမ်းမကြီးတွေရဲ့ဘေးနဲ့ ကင်မလင်းကျွန်းရပ်ကွက် တဲကြီးကုန်းရပ်ကွက် ပုသိမ် တဘက်ကမ်း သဘောင်္ကျဉ်းရပ်ကွက်တွေမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
သတင်း - မြမင်းဦး(ပုသိမ်)