ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုဖြင့် ဖမ်းဆီးထားသူများကို စတင်စွဲချက်တင်
အောင်သူ
·
February 9, 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံခဲ့တဲ့ ကြည်လင်းနဲ့ ဒီအမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရထားရတဲ့ ဇေယျာဖြိုး၊ အောင်ဝင်းဇော် အောင်ဝင်းထွန်းတို့ကို ဒီကနေ့ စွဲချက်တင် အမိန့်ချခဲ့ပါတယ်။
ကြည်လင်းကို ဦးကိုနီကို သတ်မှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၁(ခ) /၃၄၊ ဦးနေဝင်းကို သတ်မှုအတွက် ပုဒ်မ ၃၀၂(၂) လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ) နဲ့ စွဲချက်တင်ခဲ့ပါတယ်။
အောင်ဝင်းဇော်ကိုတော့ ပုဒ်မ ၃၀၂(၁) ခ/၃၄ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ)၊ ဇေယျာဖြိုးကိုတော့ ပုဒ်မ ၃၀၂(၁)ခ /၃၄ နဲ့ စွဲချက်တင်ပြီး အောင်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ခဲ့ပါတယ်။
ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ ရှေ့နေတွေကတော့ တရားရုံးမှာ လာရောက် သက်သေထွက်ဆိုခဲ့တဲ့ လိုပြသက်သေ ၇၂ ဦးစလုံးက သူတို့ ပါဝင်ကြောင်း မထွက်ဆိုနိုင်လို့ ပြန်လွှတ်ပေးဖို့ တရားသူကြီးကို ပြီးခဲ့တဲ့အပတ် ရုံးချိန်းက တင်ပြထားပါတယ်။
ဒါ့အပြင် အထက်တရားရုံးကို ထပ်တက်မယ်လို့လည်း တရားခံတွေဘက်က ရှေ့နေက ပြောပါတယ်။