ဘင်္ဂါလီ ပြန်လည်နေရာချထားရေးလုပ်ငန်း နိုင်ငံတကာသံတမန်အဖွဲ့ သွားရောက် လေ့လာ
DVB
·
February 7, 2018
ပြည်ထောင်စုအစိုးအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က သံအမတ်ကြီးတွေပါဝင်တဲ့ နိုင်ငံတကာသံ အဖွဲ့ဟာ မနေ့က ရဟတ်ယာဉ်တွေနဲ့ မောင်တောမြို့ကို ရောက်ရှိလာပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လှဖိုးခေါင်ကျေးရွာကို သွားရောက်လေ့လာကြရာ တဆောင်မှာ ၆ ဦး နေထိုင်နိုင်တဲ့ ၈ ခန်းတွဲ အဆောက်အအုံ ၁၅၉ လုံး အခြေအနေ၊ ယာယီတဲတွေ အပါအဝင် အဆောက်အအုံ တည်ဆောက်နေတဲ့ အနေအထားအရ လူဦးရေ ၈၀၀၀ လောက် နေထိုင်နိုင်တဲ့ အခြေအနေ လျှပ်စစ်မီး ရရှိတဲ့ အခြေအနေတွေကို တာဝန်ရှိသူတဦးက ရှင်းပြခဲ့ပါတယ်။
အဲဒီနောက် ငါးခူရ၊ တောင်ပြိုလက်ဝဲ နေရာတွေကို ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာသွားကြပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေးတံတားနဲ့ ပြန်လည်လက်ခံရေး စင်တာတွေ အဆင်သင့် ပြီးစီးနေမှုတွေကို လေ့လာကြပြီး နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးအနီး ကွင်းပြင်မှာ ယာယီတဲတွေ ဆောက်လုပ် နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေကို တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ညနေပိုင်းမှာ မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်ပြီးစီးတဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
သတင်း - အောင်ကျော်မင်း(မောင်တော)