မြောက်ဦးပဋိပက္ခ ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြခဲ့သည့် လူငယ် ၅ ဦးကိုအမှုဖွင့်
DVB
·
January 26, 2018
မြောက်ဦး ပဋိပက္ခမှာ အရပ်သားတွေ ပစ်ခတ်ခံရမှု အစိုးရက ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးဖို့ စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ် ၅ ဦးကို စစ်တွေမြို့မရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
ဆန္ဒပြလူငယ် ၅ ဦးကို အမှုဖွင့်တာဟာ တရားဝင်ခွင့်ပြုချက်မတင်လို့ အမှုဖွင့်တာလို့ စစ်တွေမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ ၅ ဦး အမှုဖွင့်ထားပါတယ်။ ငြိမ်းစုစီနဲ့ အမှုဖွင့်ထားတာပါ။ ပုဒ်မ ၁၉ နဲ့ပါ။ ငြိမ်းစုစီ မတင်လို့ အမှုဖွင့်တာ။ ဒီအမှုက ငွေဒဏ်နဲ့ ပြီးပါတယ်။ ငွေဒဏ် ၃ သောင်း ရှိပါတယ်။ စစ်တွေအမှတ်-၁ မြို့ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဆန္ဒပြလူငယ် ၅ ဦးကတော့ ဒီကနေ့အချိန်အထိ လာရောက်ဒဏ်ငွေဆောင်တာ မရှိသေးဘူးလို့ ရဲမှူးက ပြောပါတယ်။ ဒါ့အပြင် သူတို့ ၅ ဦးကိုတော့ ဖမ်းဆီးမှာမဟုတ်ဘဲ ဒဏ်ငွေနဲ့ အမှုပြီးဆုံးသွားမယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရုံးရှေ့မှာ ရခိုင် တက်ကြွလူငယ် ၅ ဦး လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး မြောက်ဦး ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ အရပ်သားတွေ ပစ်ခတ်မှုအပေါ် အစိုးရ ထိထိရောက်ရောက် တာဝန်ယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဇန်နဝါရီ ၁၇ ရက်က ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ ၅ ဦးထဲက တဦးဖြစ်သူ ကိုခိုင်သူရိန်က “အဲဒီဟာက မလိုအပ်ဘဲ အာဏာကို အလွဲသုံးစားလုပ်တယ်။ ဒီလို ပြည်သူတွေကို ထိခိုက်နာကျင်အောင် လုပ်တဲ့သူတွေကိုတော့ ဒီခေတ်မှာ လုံးဝလက်ခံလို့ မရပါဘူး။ နောက်ထပ် ဒီလို မဖြစ်ရအောင် ထုတ်ဖော်တာ ဖြစ်တယ်။ ဒီလို သွေးထွက်သံယို ဖြစ်တာကို အစိုးရက တာဝန်ယူရမယ်” လို့ ဆန္ဒထုတ်ဖော်ခဲ့ချိန်က ပြောခဲ့ပါတယ်။
မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာပေဟောပြောပွဲ ကျင်းပခွင့်မရတာကို အကြောင်းပြုပြီး လူစုလူဝေးနဲ့ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း - ဝဏ္ဏခွာညို