ရှစ်လေးလုံး ပြည်ပရဲဘော်များနှင့် ဒီမိုကရေစီအင်အားစုများ ၈၈၈၈ပါတီကို ကန့်ကွက်
DVB
·
December 31, 2017
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ငွေငါးကျောင်းတိုက်မှာ ရှစ်လေးလုံး(ပြည်ပရဲဘော်များ)နဲ့ အထက်မြန်မာပြည် မန္တလေးဒီမိုကရေစီ အင်အားစုတွေ တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။
“ရှစ်ဆယ့်ရှစ်ပါတီထောင်တာနဲ့ ပတ်သက်ရင် ကျနော်တို့မူအရ ဒီလို ရှစ်လေးလုံးမျိုးဆက် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအင်အားစု ရှိတာကို သဘောတူတယ်။ ရှိသင့်တယ်လို့လည်း မြင်တယ်။ ကျနော်တို့က နာမည်ကိစ္စကိုတော့ ကန့်ကွက်တယ်။ ရှစ်လေးလုံးဆိုတဲ့ အမည်က တဦးတယောက် တဖွဲ့ကပိုင်တာ မဟုတ်ဘူး။ ကျနော်တို့ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံးက မဆလ တပါတီအာဏာရှင်စနစ်ကို အသက်၊ သွေး၊ ချွေး၊ ဘဝတွေနဲ့ ရင်းပြီး တော်လှန်ခဲ့ကြတဲ့ သမိုင်းမော်ကွန်းတရပ်ဖြစ်တယ်။ ဒါကြောင့် ဒီနာမည်နဲ့ နိုင်ငံရေးပါတီတည်ထောင်တာကို ကျနော်တို့ ကန့်ကွက်တာဖြစ်တယ်။ သဘောလည်းမတူနိုင်ဘူး။ ဒီအမည်ကိုသုံးပြီး တစုံတခုချွတ်ချော်မှားယွင်းခဲ့ပြီး တိမ်းစောင်းခဲ့ရင် သမိုင်းတခုလုံး မော်ကွန်းကြီးတခုလုံးကို သွားပြီးထိခိုက်စေတယ်။ အဲဒါကြောင့် ကျနော်တို့က ရှစ်လေးလုံးအမည်ကို ကန့်ကွက်တာဖြစ်တယ်” လို့ ၈၈ မျိုးဆက် (ဗကသ) ကျောင်းသားခေါင်းဆောင် ကိုဇာနည်ကပြောပါတယ်။
“စစ်အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ သမိုင်းဝင် သပိတ်တိုက်ပွဲကို ဘုန်းဘုန်းတို့စည်းရုံးပြီး အထက်ဗမာပြည် မန္တလေးရာပြည့်ကွင်းမှာ သမိုင်းတခေတ်ဖွင့်လှစ်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့လို့ ဒီအမည်ဟာ တစ်ဦးတယောက်ကနေ ရှစ်လေးလုံးက ကျနော်ဟာလို့ ပြောလို့မရဘူး။ တဦးတယောက်အမည်နဲ့ ကိုင်သုံးလို့မရဘူး မသင့်တော်ဘူး တယောက်တည်းပိုင်တဲ့ အရေးတော်ပုံသမိုင်းမဟုတ်ဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့ကလည်း ဒါကိုဘဝငိမကျဘူး” လို့ ရှစ်လေးလုံးအရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဂဠုန်နီဆရာတော် ဦးကာဝိယက မိန့်ပါတယ်။
ဒီအခမ်းအနားကို ရှစ်လေးလုံးမျိုးဆက်သစ် (ပြည်ပ) ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌ ဦးခေမာစာရ၊ ကိုစိုးမိုးအောင် ၈၈(ဗကသ)၊ ကိုဇော်ဇော်နိုင် (ဗကသ) ABSDS၊ ကိုအောင်သန်း(အကသ)၊ ကိုမင်းနိုင်(အကသ) လူဘောင်သစ် တို့နဲ့အတူ မန္တလေး အထက်ဗမာပြည် နိုင်ငံရေးအင်အားစုမှ ဦးတင်အေးကြူ၊ ဦးကျော်မြ၊ ဦးမင်းထက်ငြိမ်းချမ်း၊ ဦးသိန်းအောင်မြင်၊့ ဦးကျော်စိုး၊ ဒေါ်သွယ်သွယ်စန်း၊ ဒေါ်မြင့်မြင့်ခိုင် စတဲ့ နိုင်ငံရေးအင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။