အမြန်လမ်းတွင် ပရိုဘောက်ကားတစီး လမ်းဘေးတံတားကို တိုက်မိ
DVB
·
December 22, 2017
ရန်ကုန်-မန္တလေးအမြန်လမ်း၊ ဥတ္တရသီရီမြို့နယ် ဒီဇင်ဘာ ၂၂ ရက်မနက်အစောက မန္တလေးဘက်ကိုမောင်းလာတဲ့ ပရိုဘောက်ကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး တံတားဘောင်ကို တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပန်းတင်အမြန်လမ်း ရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့မနက်အစောပိုင်း ရန်ကုန်ကပြန်လာတဲ့ သာစည်မြို့နယ် သီရိမင်္ဂလာရပ် ဒေါနလမ်းနေ ကိုအောင်မိုးသူ မောင်းလာတဲ့ကား အရှိန်များပြီးမထိန်နိုင်တော့ဘဲ လမ်းဘေးတံတားဘောင်တန်းကို တိုက်မိပြီး ကားပေါ်မှာပါလာတဲ့ လူ ၅ ဦးအနက် ၂ ဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။
ပန်းတင်အမြန်လမ်းရဲစခန်းအမှုစစ် ရဲအရာရှိက “အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ဝင် ၇ ဦး မီးသတ်တပ်ဖွဲ့ ကျန်းမာရေးနဲ့ လမ်းဦးစီးတို့အပါဝင်သွားခဲ့တယ်။ ဦးအောင်မျိုးသန့် မေးစေ့နဲ့ အောက်နှုတ်ခမ်းပေါက်ပြဲတယ်။ ရင်ဘတ်အောင့်တယ် ဦးသန့်ဇင်ကတော့ လက်နာသွားတယ် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံပို့ပေးရတယ်။ ကားကတော့ ၅ သိန်းဖိုးလောက် ပျက်သွားတယ်” လို့ ပြောပါတယ်။
ပန်းတင်အမြန်လမ်းရဲစခန်းက ကိုအောင်မိုးသူကို ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းလို့ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ-၃၃၇နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)