ကုမ္ပဏီဝန်ထမ်း ၂ ဦးအား ယုံကြည်အပ်နှံ ဖောက်ဖျက်မှုဖြင့် ဖမ်းဆီး
DVB
·
December 2, 2017
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ရွှေတံခါးရွာမှာ ဓာတ်မြေသြဇာဖိုးငွေ ကောက်ခံဖို့ တာဝန်မပေးတဲ့နယ်မြေမှာ ငွေကောက်ခံလို့ ကုမ္ပဏီ ၀န်ထမ်းနှစ်ဦးကို ယုံကြည်အပ်နှံဖောက်ဖျက်မှုနဲ့ ဒီဇင်ဘာ ၁ ရက်ညနေက အမှုဖွင့်ဖမ်းဆီးလိုက်ပါတယ်။
ဖြစ်စဉ်မှာ ရွှေတံခါးရွာ ရွာခွဲတာဝန်ခံ ဦးပေါ်ထူးမှ ရာဇတံခွန် ကုမ္ပဏီဝန်ထမ်း ဆန်လင်းအောင်နဲ့ သီဟဗလတို့ ကုမ္ပဏီကရောင်းတဲ့ ကမ္ဘာကျော်ဓာတ်မြေသြဇာဖိုး လာကောက်နေတယ်လို့ မလှိုင်မြို့နယ်ရုံးခွဲ ဦးကိုကိုဇော်အား ဖုန်းဆက်ပြောတယ်။ မန်နေဂျာ ဦးကိုကိုဇော်က ရုံးချုပ်ကို ဖုန်ဆက်မေးမြန်းတော့ သူတို့ ၂ ဦးဟာ မုံရွာမြို့နယ်အတွင်းမှာ ငွေကောက်ဖို့ တာဝန်ပေးထားသူတွေ ဖြစ်တယ်ဆိုတာ သိရလို့ တာဝန်မပေးတဲ့ နယ်မြေကို ငွေလာကောက်တာမို့ ဦးကိုကိုဇော်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာလို့ နှောကန်ရွာရဲစခန်းမှ စခန်မှူး ရဲအုပ်အေးမင်းထွန်းက ပြောပါတယ်။
"ဦးကိုကိုဇော်က တိုင်ချက်ပေး တရားလိုလုပ် အမှုဖွင့်တယ်။ ဒီပုဒ်မက အာမခံပေးမရပါဘူး။ အဲဒီကုမ္ပဏီဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထားရတယ်" လို့ ပြောပါတယ်။
မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းက စီမံခန့်ခွဲပိုင်ခွင့်အပ်နှံထားခြင်းအား ရာဇဝတ် မကင်းသည့် ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၄၀၈ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ ဒီပုဒ်မဟာ ၇ နှစ်ထိနဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)