မုံရွာတွင် တက္ကသိုလ်ကျောင်းသူ ၁ ဦး ကားကြိတ်ခံရ၍ သေဆုံး
DVB
·
November 27, 2017
မုံရွာမြို့၊ ရန်ကင်းရပ်ကွက် အောင်မဟာလမ်းမှာ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက အဝေးသင်တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ မိန်းကလေးတဦး ၆ ဘီးယာဉ်နဲ့ နင်းကြိတ်မိပြီး နေမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမိန်းကလေးဟာ အသက် ၂၂ နှစ် အရွယ်ရှိ မအေးမြင့်မိုး ဆိုသူဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ အင်ကြင်းမြိုင်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မအေးမြင့်မိုးဟာ ဆိုင်ကယ် မောင်းနှင်လာချိန်မှာ ခွေး ၂ ကောင်ကိုက်နေတဲ့အတွက် ရပ်တန့်လိုက်ရာကနေ ဟန်ချက်ပျက်တမ်းမှောက်သွားကာ မျက်နှာချင်းဆိုင်က သဲတွေတင်ပြီး မောင်းနှင်လာတဲ့ ၆ ဘီးကားနဲ့ ကြိတ်မိရာမှ အခုလို သေဆုံးခဲ့တာလို့ သိရပါတယ်။
အဲဒီဆိုင်ကယ်မှာ သေဆုံးသူ မိန်းကလေးအပါဝင် ဆိုင်ကယ်ခုံနောက်မှာ တခြား မိန်းကလေးတဦး လိုက်ပါလာခဲ့ပေမယ့် တစုံတရာထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။
“လတ်တလောကတော့ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်ထားပါတယ်။ ဆက်လက်စစ်ဆေးပြီး ဥပဒေကြောင်းအတိုင်း အရေးယူသွားမှာပါ” လို့ မုံရွာမြို့ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
မုံရွာမြို့မရဲစခန်းက ယာဉ်မောင်းဖြစ်သူ ဦးဇော်မင်းဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး