လူသတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးသူ နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
DVB
·
November 6, 2017
ပဲခူးမြို့နယ် သပြေရိုးကျေးရွာအုပ်စု တောင်ဆက်အင်းကျေးရွာမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၁ နာရီလောက်က လူသတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးသွားသူကို အမြန်လမ်းဘေးက ရာဘာခြံတခုရဲ့ တောစပ်တခုမှာ အဲဒီနေ့ည ၇ နာရီကျော်လောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဘုရားကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ဇာလင်း က ပြောပါတယ်။
လူသတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးသူ သက်ပိုင်ဟာ သူခိုးကြီးညက ပျော်ပွဲရွှင်ပွဲမှ နေအိမ် ပြန်ရောက်စဉ် ဇနီးဖြစ်သူကို မတွေရတဲ့အတွက် လိုက်လံရှာဖွေရာ တောင်ဆပ်အင်း ကျေးရွာက ဦးဌေး နေအိမ်ရှေ့လမ်းမှာ ပြန်တွေ့ပြီး စကားများရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို စကားများနေတဲ့အတွက် တရွာတည်းနေ ဦးမြင့်နိုင်က ၀င်ရောက်ဖျန်ဖြေတာကို သက်ပိုင်က ဓားနဲ့ခုတ်လိုက်တဲ့ အတွက် နေရာမှာတင် သေဆုံးသွားပါတယ်။ ဦးမြင့်နိုင်ကို ဓားနဲ့ ခုတ်ပြီးနောက် သက်ပိုင်က သူ့ရဲ့ နေအိမ်အိမ်ဘက်ကို ထွက်ပြေးသွားပြီး နေအိမ်ကိုပါ မီးရှို့ထွက်ပြေးသွားတာလို့ ရဲအုပ်က ပြောပါတယ်။
အခု ပြစ်မှုကျူးလွန်သူ သက်ပိုင်ဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းလောက်ကလည်း ကျေးရွာအတွင်း ဓားကိုင်သောင်းကျန်းခဲ့တာကြောင့် ထောင် ၆ လ ကျခံခဲ့ရပြီး နိုဝင်ဘာ ၁ ရက်နေ့ကမှ ထောင်က ပြန်လွတ်လာသူဖြစ်တယ်လို့လည်း ဘုရားကြီးရဲစခန်းမှူး ရဲအုပ် ကျော်ဇာလင်းက ပြောပါတယ်။
အခုလို လူသတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးသူ သက်ပိုင်ကို ဘုရားကြီးနယ်မြေရဲစခန်းက လူသတ်မှု၊ နေအိမ်မီးရှို့ ဖျက်ဆီးမှုတိုအတွက် (ပ) ၂၅၁/၂၀၁၇ ၊ ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၀၂ / ၄၃၆ တို့နဲ့ အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး