တိုက်ကြီးတွင် စစ်လက်ကျန် ဗုံးသီးဟောင်း ၂ လုံးတွေ့
DVB
·
November 4, 2017
တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်အပိုင်၊ ရန်ကုန်-ပြည်ကားကားလမ်း မိုင်တိုင်အမှတ် ၄၇ နဲ့ ၄၈ အကြားမှာ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းက လမ်းတိုးချဲ့ဖို့အတွက် မြေတူးနေချိန် စစ်ကျန်ဗုံးသီးဟောင်းနှစ်လုံးတွေ့ရှိခဲ့တယ်လို့ အိုးတန်းရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးရန်လင်းဦးက ပြောပါတယ်။
“လမ်းတံတားတိုးချဲ့ဖို့ မြေတူးတဲ့အဖွဲ့တွေက ဖုန်းဆက်အကြောင်းကြားလို့ သွားတော့ မြို့နယ်မှူးနဲ့ ရဲတပ်ဖွဲ့တွေရောက်နေပြီး ကျနော်တို့ရောက်တော့ ပထမတစ်လုံးက ကုန်းပေါ်ရောက်နေပြီ။ နောက်တလုံးက ရေမြောင်းအောက် အုတ်နံရံနဲ့ ညက်နေတာ၊ စစ်တပ်က ရောက်လာတော့မှ ကြိုးတွေနဲ့ ခက်ခက်ခဲခဲ ဖော်ထုက်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
“လမ်းတံတား ဆောက်လုပ်ရေးအဖွဲ့တွေက စခန်းကိုဖုန်းဆက်အကြောင်းကြားလို့ သွားကြည့်ပြီး အမှတ်(၅၀၉)စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းကို အကြောင်းကြားပြီး နောက်ထပ်ကျန်ရှိနေတဲ့ ဗုံးသီးတလုံးကို ည ၉ နာရီခွဲအချိန်မှာ တူးဖော်ခဲ့ရတယ်။ အချင်း ၂၀ လက်မ၊ လုံးပတ် ၆၂ နှစ်လက်မရှိပြီးသံချေးတွေ တက်နေတဲ့ စစ်အတွင်းကကျန်ခဲ့တဲ့ ဗုံးသီးဟောင်းတွေဖြစ်တဲ့အတွက် ကျနော်တို့ စစ်တပ်ကို အပ်လိုက်ပါတယ်” လို့ တိုက်ကြီးမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း-မေသွယ်