မြေပုံနှင့်ပေါက်တောတွင် လုပ်သေနတ်ကိုင်ဆောင်သူနှင့် ပြုလုပ်သူများကို ဖမ်းဆီး
DVB
·
October 28, 2017
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေကနေ လုပ်သေနတ်တွေနဲ့အတူ ကိုင်ဆောင်သူ၊ ပြုလုပ်သူတွေကို ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့က မြေပုံမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ထူးချေကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သူ စောသိန်းချေ (၄၃)နှစ် ရဲ့ အိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာမှာ လုပ်သေနတ်အရှည် ၁ လက်၊ သံပိုက်နဲ့ လုပ်ထားတဲ့ ကျည်ခွံ ၅ ခု၊ ခဲသီး ၂၅ လုံး၊ ယမ်းမှုန့် ၅ ကျပ်သားတို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၃ လ လောက်က ပေါက်တောမြို့နယ် သဲဒွေးကျေးရွာကနေ ငွေ ၆ သောင်းနဲ့ ဝယ်လာတယ်လို့ သိရပြီး သူ့ကို လက်နက် အက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့်ထားပါတယ်။
အဲဒီနောက် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့က ပေါက်တောမြို့နယ်၊ ကျောင်းတောင်ကျေးရွာနေ စိန်သောင်းရွှေ (၄၇) နှစ်ရဲ့ အိမ်ကို ဆက်လက် ရှာဖွေခဲ့ပြီး လုပ်သေနတ်ပြုလုပ်ရာမှာ သုံးတဲ့ ပန်းပဲဖိုနဲ့ မောင်းခလုတ် ၄ ခု၊ စပရိန် ၂ ခု၊ သစ်သားဒင် အကြမ်း ၁ ခု၊ ၂ လက်မလောက် သံပိုက်လုံးအပိုင်းအစ ၂၉ ခုတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။
အဲဒီညပိုင်းမှာလည်း ပေါက်တောမြို့မရဲစခန်းမှူးနဲ့ အဖွဲ့ဟာ သဲဒွေး ကျေးရွာနေ ဗဂျင်းချေ (ခ) သိန်းစောမောင် ၄၅ နှစ်ရဲ့ အိမ်ကို ရှာဖွေရာမှာ အရှည် ၄ ပေ ၉ လက်မရှိ လုပ်သေနတ် ၁ လက်၊ ယမ်းတောင့်အခွံ ၃ ခု၊ ယမ်းထုပ် ၃ထုပ်တွေ့ခဲ့ပါတယ်။
ဒါ့အပြင် သာထွန်း (၅၁) နှစ် ရဲ့ အိမ်ကို ရှာဖွေရာမှာ လယ်ကွင်းထဲမှာ ဝှက်ထားတဲ့ ၄ ပေ ၈ လက်မလောက်ရှည်တဲ့ လုပ်သေနတ် ၁ လက်ကို ဖမ်းဆီးရမိပါတယ်။
သူတို့ကို ဥပဒေနဲ့အညီ အရေးယူဖို့ စီစဉ်နေတယ်လို့လည်း ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။