၁၈ လသား ကလေး ပြုတ်ကျသေဆုံးမှုဖြင့် အမျိုးသမီးတဦးအား ဖမ်းဆီး
DVB
·
October 22, 2017
ခြောက်ထပ်တိုက်ရဲ့ ပြတင်းပေါက်ကနေ ၁၈ လသားအရွယ် ယောကျာ်းလေး ပြုတ်ကျသေဆုံးခဲ့ပြီးနောက် အမျိုးသမီးတဦးကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်နိုင်ငံ ဘရက်ဖို့ဒ်မြို့ဘာကာရန်ဒ်လမ်း အိမ်တအိမ်က အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်လောက်မှာ ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ကလေး ပြတင်းက ပြုတ်ကျသေဆုံးပြီးပြီးချင်း အကြောင်းကြားပုံရတယ်လို့ ရဲတွေက ပြောပါတယ်။
ကလေးသေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေက လူသတ်မှုသံသယနဲ့ ဖမ်းဆီးခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို အချုပ်ထဲမှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။
ဒီအဖြစ်က “အရမ်းစိတ်ပျက်ဖွယ် စိတ်ထိခိုက်နာကျင်ရတဲ့ ဖြစ်ရပ်ပဲ” လို့ အနောက်ဘက် ယော့က်ရှီးယားရဲတွေက ပြောပါတယ်။
ရဲအကြီးအကဲတဦးဖြစ်သူ နစ်ခ်ဝေါလန်က “ဖြစ်ရပ်ကို မြင်လိုက်တဲ့ မျက်မြင်သက်သေတွေက သူတို့မြင်ခဲ့တာနဲ့ပတ်သက်ပြီး အကြီးအကျယ် စိတ်ဒဏ်ရာ ရမယ်လို့ ပြောရင် ဒါက အကျယ်ချဲ့ကား ပြောတာမဟုတ်ဘူး” လို့ ပြောပါတယ်။
အခုကလေး သေဆုံးမှုနဲ့ပတ်သက်ပြီး အခြားဘယ်တဦး တယောက်ကိုမှ ရဲတွေက ရှာဖွေတာတွေမလုပ်ဘ ရာဇဝတ်မှုမြင်ကွင်းကို ရဲတွေက စုံစမ်းမှု ဆက်လက်လုပ်ဆောင်နေတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။