မိတ္တီလာတွင် ချောင်းရေတက်၍ နေအိမ်များ ရွှေ့ပြောင်း
DVB
·
October 19, 2017
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ်၊ မိတ္တီလာကန်ကို ရေဝင်တဲ့ နတ်စင်ချောင်းထဲကို မုန်တိုင်ဆည်က ပိုလျှံရေတွေ လွှတ်တာကြောင့် အောက်တိုဘာ ၁၈ ရက် မနက်က ရှင်မြို့ရွာ၊ ရွာမရွာ၊ အုန္နဲဘုတ်ရွာတွေမှာ ရေ ၃ ပေလောက် တက်လာလို့ ရေလွတ်ရာကို ကူညီရွှေ့ပြောင်းပေးနေတယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မိတ္တီလာခရိုင် မီးသတ်ဦစီးမှူး ဦးအောင်သက်လှိုင်က “ဌာနဆိုင်ရာတွေ၊ ကြက်ခြေနီတွေ အင်အား ၁၂၀ လောက်နဲ့ ကူညီပေးနေတယ်။ ရေတက်လေ့ရှိတဲ့ ရွာတွေပါ။ အရင်က ရေတက်တာထက် ပိုများနေတယ်။ ရွာမှာ လှေတွေရှိတယ်။ လှေနဲ့ ပစ္စည်းတွေ ပို့နိုင်တော့ ပျက်စီးမှု မရှိသလောက်ပါပဲ။ စားသောက်ရေး အခက်အခဲကတော့ ထမင်းထုပ်တွေ ဝေပေးပါတယ်” လို့ ပြောပါတယ်။
မိုးဇလညွှန်မှူး ဦးကျော်လွင်ဦးက “မနေ့ညက မိတ္တီလာဘက်မှာ မိုးရေချိန် ၂ ဒသမ ၇၂ ရွာသွားတယ်။ ဆက်တိုက်ဆိုသလို ရွာနေတော့ မိုးရေတွေ များလာတာပေါ့” လို့ ပြောပါတယ်။
မိတ္ထီလာမြို့နယ်မှာ ရွာ ၃ ရွာ၊ အိမ်ခြေ ၂၅၀ ကျော်လောက်ရှိတဲ့အနက် အိမ်ခြေ ၇၀ ကျော်လောက်ကို ရေလွတ်ရာ ကုန်းမြင့်ဘက် ရွှေ့ပြောင်းပေးထားတယ်ဆိုတာ သိရပြီး အခုအချိန်အထိ ရေမကျသေးဘူးလို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)