ဝက်လက်မြို့နယ်ထဲရှိ ရွာချင်းဆက်လမ်း ပျက်စီးမှုကြောင့် ဒေသခံများ အခက်ကြုံ
DVB
·
October 16, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာချင်း ဆက်သွယ်ထားတဲ့ မြေသားလမ်းဟာ မိုးအဆက်မပြတ်ရွာသွန်းလို့ ပျက်စီးနေပြီး ဒေသခံတွေ သွားလာရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဒီလမ်းဟာ ပင်းဇင်းရွာ၊ စဥ့်ပါရွာ၊ နှောပင်ရွာနဲ့ တကောင်းမင်းရွာ တို့ကိုဆက်သွယ်ထားတဲ့ ၅ မိုင်ကျော်ရှည်ကာ ကျေးရွာချင်းဆက်ထားတဲ့ မြေသားလမ်းဖြစ်ပြီး မိုးရွာသွန်းခဲ့လို့ မြေသားလမ်း ၁ မိုင်ကျော်ဟာ ပျက်စီးသွားခဲ့ပါတယ်။
အဆိုပါလမ်းကို ကုသိုလ်ဖြစ်ပြုပြင်ပေးနေသူတစ်ဦးကတော့ “မိုးရွာတဲ့အခါတွေမှာ ဆိုင်ကယ်တောင် စီးလို့မရအောင်ပျက်စီးနေပြီး မိုးပြတ်သွားတဲ့အခါတွေမှာ ကျင်းတွေ၊ ချိုင့်တွေအဖြစ် ကျန်ခဲ့ပါတယ်။ မိုးတိတ်လို့ လမ်းခြောက်သွားရင် တတ်နိုင်သလောက်တော့ ပြင်ပေးပါတယ်။ ဒါပေမယ့် မရဘူး ဒီလမ်းက ကုန်ထုတ်လမ်းဆိုတော့ စပါးတင်တဲ့ ထော်လာဂျီ နဲ့ ကားတွေသွား လိုက်ရင်ပြန်ပျက်တာပဲ” လို့ ပြောပါတယ်။
ကျေးလက် လမ်းတံတားမှ ကိုဇင်မျိုးက “ဒီလမ်းဟာ Plan A ထဲမှာပါဝင်တဲ့လမ်းတွေဖြစ်တဲ့ အတွက် ၂၀၁၈ ကစပြီး သုံးနှစ်အတွင်းကျောက်ချော လမ်းဖြစ်အောင် လုပ်ရမှာပါ” လို့ ပြောပါတယ်။
အဆိုပါ မြေသားလမ်းမှာ တစ်ရက်ကို ကား ၅ စီးလောက်နဲ့ ဆိုင်ကယ် အစီး ၅၀ ကနေ ၁၀၀ လောက်အထိ ဖြတ်သန်းသွားလာနေတဲ့ လမ်းလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်း