ကေအိုင်အေ ဖမ်းဆီးသွားသည့် ရွာသား ၁၅ ဦး ပြန်လည်လွတ်မြောက်
DVB
·
October 13, 2017
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်ဝိန်းကြီးဒေသက ရွာသူရွာသားတွေနဲ့ ငှက်ပျောခြံလုပ်သားတွေထဲက ၁၅ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ကေအိုင်အေ တပ်ရင်း ၃ က ၀ိုင်းမော်မြို့နယ်၊ ဆိုင်လော်၊ မန်ရှန်၊ ကောင်းခန့်၊ ၀ူရာယန်ကျေးရွာတို့မှ ရွာသူ၊ ရွာသားတွေနဲ့ ချန်းရင်ခူးငှက်ပျောခြံအလုပ်သမားတွေ စုစုပေါင်း အမျိုးသား ၅၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို အောက်တိုဘာ ၄ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီထဲက အသက်ကြီးတဲ့သူ၊ ကျန်းမာရေးမကောင်းတဲ့သူနဲ့ ကိုယ်အင်္ဂါမပြည့်စုံသူတွေကို ပြန်လွှတ်ပေးခဲ့ရာမှာ အောက်တိုဘာ ၇ ရက်မှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ အောက်တိုဘာ ၉ ရက်နေ့မှာ အမျိုးသား ၇ ဦးလွတ်မြောက်လာတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်အရ အောက်တိုဘာ ၄ ရက် ည ၈ နာရီလောက်မှာ ယူနီဖောင်းဝတ် လက်နက်ကိုင် ကေအိုင်အေ လူအင်အား ၃၀ ဦးလောက်ဟာ အဖွဲ့လေးဖွဲ့ခွဲပြီး ဆိုင်လော်ကျေးရွာမှ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ မန်ရှန်ကျေးရွာမှ အမျိုးသား ၂ ဦး၊ ကောင်းခန့်ကျေးရွာမှ အမျိုးသား ၆ ဦး၊ ၀ူရာယန်ကျေးရွာမှ အမျိုးသား ၁၂ ဦးနဲ့ ချန်းရင်ခူးငှက်ပျောခြံမှ အမျိုးသား ၂၃ ဦးတို့ကို ဖမ်းဆီးခေါ်သွားခဲ့တာလို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေဗဟို ကော်မတီဝင် ဗိုလ်မှူးကြီးဇော်ဒေါင်ကို မေးမြန်းရာမှာတော့ လူသစ်စုဆောင်းတာလို့ အောက်တိုဘာ ၇ ရက်နေ့က ဒီဗွီဘီကို ပြောခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါဒေသတွေက ကုမ္ပဏီလုပ်တဲ့ လုပ်ငန်းတွေမှာ ကေအိုင်အေဘက်က အခွန်ကောက်ခံတာတွေရှိပြီး သွားရောက်စစ်ဆေးရာမှာ တချို့ စာရွက်စာတမ်းမစုံလို့ ဖမ်းဆီးတာတွေရှိပေမယ့် ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။