နမ့်စန်မြို့တွင် လျှပ်စစ်ဝန်ထမ်းတဦး ဓာတ်လိုက်သေဆုံး
DVB
·
September 16, 2017
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်မှာ စက်တင်ဘာ ၁၅ ရက်က နမ့်စန်မြို့လျှပ်စစ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လျှပ်စစ်ကျွမ်းကျင်အဆင့်(၅) ရှိသူ မောင်ထွန်းသူရလင်းနဲ့ လျှပ်စစ်လုပ်သား ကုလား(ခ)မိုးကျော်ကျော်တို့ဟာ စက်တင်ဘာလ ၁၅ ရက်က နမ့်စန်မြို့ (၄)ရပ်ကွက်ပိုင်းအတွင်းက လျှပ်စစ်မီးတိုင်၊ မီးကြိုးတွေကို စစ်ဆေးပြုပြင်ဖို့အတွက် နမ့်စန်လျှပ်စစ်ဦးစီးဌာနက ထွက်ခွာသွားကြပြီး ၁၁ နာရီ မိနစ် ၄၀ လောက်မှာ အမှတ်(၇၃)သံချပ်ကာ စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် တပ်ရင်းအပိုင်းအတွင်း အမြင့်ပေ ၂၃ ပေလောက်ရှိတဲ့ ဓာတ်တိုင်ကို တက်ရောက်စစ်ဆေးစဉ် ဓာတ်တိုင်ပေါ်ကနေ ဓာတ်လိုက်ပြီး အောက်ကို ပြုတ်ကျသေဆုံးသွားခဲ့တာလို့ နမ့်စန်မြို့မရဲစခန်းက ပြောပါတယ်။
သေဆုံးသူ ထွန်းသူရလင်းရဲ့ အလောင်းကို မှုခင်းဆေးစာနဲ့အတူ ရင်ခွဲမှုစစ်ဆေးပြုလုပ်ဖို့အတွက် နမ့်စန်မြို့ပြည်သူ့ဆေးရုံကို ပို့ထားကြောင်း သိရပါတယ်။
မောင်ထွန်းသူရလင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်၊ မဟုတ် သိရှိဖို့အတွက် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးပေးဖို့ နမ့်စန်မြို့ရဲစခန်းက ရဲအုပ်ခိုင်ဝင်းမှ တိုင်တန်းသဖြင့် နမ့်စန်ရဲစခန်းက သေမှုသေခင်းဖြစ်စဉ်- ၆/၂၀၁၇ ဖြင့် ဖွင့်လှစ်ပြီး စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေ က စစ်ဆေးနေတယ်လို့ သိရပါတယ်။