ရေးမြို့နယ်တွင် အိမ်ထောင်ရေးပြဿာနာ စကားများရာမှ လူသတ်မှုဖြစ်ပွား
DVB
·
September 16, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဆိပ်ကမ်းသာ ၂ ရပ်နေအိမ်မှာ စက်တင် ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ က လင်မယားချင်းစကားများရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ကိုဗိုလ်အောင်ဇင်က အိမ်ထောင်ရေးပြဿနာစကားများရာမှ ဇနီးဖြစ်သူ မအိအိထွန်းကို ကပ်ကြေးနဲ့ထိုးရာ မအိအိထွန်းရဲ့ အဒေါ်ဖြစ်သူ မခင်သန္တာစိုးက ဝင်ရောက်ဟန့်တားရာကနေ ကိုဗိုလ်အောင်ဇင်က မခင်သန္တာစိုးကို ကပ်ကြေးနဲ့ ထပ်မံလိုက်လံထိုးခဲ့တယ်လို့ ရေးမြို့မရဲစခန်းမှတ်တမ်းတွေက ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားမှုကြောင့် ဇနီးဖြစ်သူ မအိအိထွန်းမှာ ဝဲနားထင်၊ လည်ပင်း၊ ယာပါးခုံး ကျောကုန်း၊ တင်ပါးတို့မှာ ထိုးသွင်းဒဏ်ရာပေါင်း ၅ ချက်နဲ့ လဲကျသတိမေ့မျောကာ မခင်သန္တာစိုးက ထိုးသွင်းဒဏ်ရာပေါင်း ၁၄ ချက် ရရှိလို့ ရေးဆေးတင်ပို့ကုသစဉ် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က သေဆုံးပြီး မအိအိထွန်းက အတွင်းလူနာဖြစ်ကုသနေကြောင်း ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ မအိအိထွန်းရဲ့ ယောင်းမဖြစ်သူ မဇွန်မီမီကိုက တိုင်တန်းလို့ ရေးမြို့မရဲစခန်းက ကိုဗိုလ်အောင်ဇင်အား ရာဇသတ်ကြီး ပုဒ်မ -၃၀၂/၃၂၆ နဲ့ အမှုဖွင့် အရေးယူထားလို့ ဆိုပါတယ်။
နေမျိုးထွဋ် (ရေး)